ဧရာဝတီတိုင်းမ်
ဇူလိုင် ၈ရက်
ပြည်သူတစ်ရပ်လုံးက စိုးရိမ်၍ ဝိုင်းဝန်းကန့်ကွက်နေသည့် ဧရာဝတီမြစ်ဆုံ- မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ ရွေးတုအစိုးရက ဝါဒဖြန့် လုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်ရန် ယမန်နေ့ ဇူလိုင် ၇ ရက်က မြစ်ကြီးနားမြို့တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ရွေးတုအစိုးရခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က စီမံကိန်းအပေါ် ပြည်သူများ၏ စိုးရိမ်မှုများ လျော့ပါးသက်သာစေရန်နှင့် ယုံကြည်မှုရရှိရန်အတွက် ရွေးတုအစိုးရလက်အောက်ခံ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ပြန်/ဆက်)၊ ဒေသခံ ကော်မတီများနှင့် ပူးပေါင်းကာ လူထုအား မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခြင်းနှင့် မီဒီယာနည်းလမ်း များ သုံးစွဲ၍ အသိပညာပေးခြင်းများကို ဆောင်ရွက်ရန် ဖိအားပေး ညွှန်ကြားခဲ့သည်။

လတ်တလောတွင် ကချင်ပြည်နယ် ရွေးတုအစိုးရသည် မြစ်ဆုံစီမံကိန်း ပြန်လည် စတင်နိုင်ရေးအတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့နှင့် လျှို့ဝှက်တွေ့ဆုံမှုများ ပြုလုပ်နေသလို ပြီးခဲ့သည့် ဇွန် ၂၃ ရက်က မိုးညှင်းမြို့နယ် ဆားမှော်ကျေး ရွာ၌ ဒေသခံများနှင့် တွေ့ဆုံစဉ် အဆိုပါမြစ်ဆုံစီမံကိန်းကြီးကို လာမည့် ၈ နှစ် သို့မဟုတ် ၈ နှစ်ခွဲအတွင်း အပြီးတည်ဆောက်သွားမည်ဟု ပြောကြားကာ သတင်း ဖြန့်ဝေခဲ့သည်။
“မြစ်ဆုံဆည်အတွက် အစီအစဉ်တွေ စတင်ဆွေးနွေးခဲ့တုန်းက ပြည်ထောင်စုလွှတ်တော်မှာ ကျွန်တော် ကိုယ်တိုင် ဒီစီမံကိန်းကို ကန့်ကွက်ခဲ့ပါတယ်။ အခုချိန်မှာတော့ အဲဒီလိုလုပ်မိလို့ အရမ်းနောင်တ ရမိပါတယ်။ အဲဒီတုန်းက ဒီစီမံကိန်းကို ဆက်လုပ်ခဲ့ရင် လျှပ်စစ်မီးပြတ်တောက်မှုတွေနဲ့ ရင်ဆိုင်ရမယ့် အစား အလင်းရောင်ကောင်းကောင်းရတဲ့ အိမ်တွေကို ကျွန်တော်တို့ ခံစားနေရမှာပါ” ဟု ရွေးတုအစိုးရ၏ ကချင်ဝန်ကြီးချုပ်က ကချင်ဒေသခံများကို စည်းရုံးပြောဆိုခဲ့သည်။
တရုတ်၏ မြစ်ဆုံစီမံကိန်း ပြန်လည်စတသ်ရန် ရွေးတုအစိုးက ကြိုးပမ်းနေသော်လည်း ပြီးခဲ့သည့် ဇွန် ၄ ရက်နေ့က တရုတ်နိုင်ငံအတွင်းသို့ တိုင်ဖွန်းမုန်တိုင်း မေဆက် ဝင်ရောက်တိုက်ခတ်ခဲ့ရာ ကွမ်ရှီးပြည်နယ် နန်နင်းရှိ အလတ်စားရေလှောင်တမံ ကျိုးပေါက်ခဲ့သည်။ ထို့ပြင် အခြားသော ရေလှောင်တမံများလည်း ကျိုးပေါက်နိုင်သည့် အလားအလာရှိသဖြင့် တရုတ်အာဏာပိုင်များက အရေးပေါ်တုံ့ပြန်မှု အမြင့်ဆုံး အဆင့်ထိ သတ်မှတ်ခဲ့သည်။

လက်ရှိ တရုတ်နိုင်ငံတွင် ဆည်များကျိုးပေါက်မှုကြောင့် ပြည်သူများ ရေဘေးသင့်နေသည့် ဖြစ်ရပ် များကိုမျက်မြင်တွေ့ရှိထားရသဖြင့် မြန်မာ့အသက်သွေးကြောဖြစ်သည့် ဧရာဝတီမြစ်ပေါ်တွင် ဆည် တည်ဆောက်မည့်ကိစ္စအပေါ် ပြည်သူများက ပိုမိုစိုးရိမ်ထိတ်လန့်လျက်ရှိသည်။
စစ်အုပ်စုသည် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားနှင့် စစ်အသုံးစရိတ်ကြောင့် တင်ရှိနေသည့် ကြွေးမြီများကို ဖြေရှင်းရန်မြစ်ဆုံစီမံကိန်း စတင်လိုခြင်းဖြစ်ပြီး အဆိုပါ စီမံကိန်းကြောင့် နိုင်ငံအတွက် စီးပွားရေး အကျိုး အမြတ် ခံစားရမည်မဟုတ်ဘဲ မြန်မာပြည်သူများနှင့် ဒေသခံများမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနှင့် ဆိုးကျိုးများကိုသာရင်ဆိုင်ရမည်ဖြစ်ကြောင့် သုတေသီများက ထောက်ပြထားသည်။
ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဇွန် ၁၅ရက်က တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ရာ ကချင်ဝန်ကြီးချုပ် ဦးခက်ထိန်နန် လိုက်ပါသွားပြီးနောက် မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်ရန် ဝါဒဖြန့်မှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။
ဓာတ်ပုံ- The south china morning post
ပုံစာ- တရုတ်နိုင်ငံ၊ နန်နင်းမြို့ ရေကာတာကျိုးပေါက်မှုကြောင့် တစ်မြို့လုံးရေကြီးနစ်မြုပ်နေစဉ်