ဧရာဝတီတိုင်းမ်
ဇူလိုင် ၈ ရက်
ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်တွင် အသက် (၅) နှစ်အရွယ် KG တန်းကျောင်းသူလေးအား မုဒိမ်းကျင့်သတ်ဖြတ်ကာ နားကပ်လုယူခဲ့သည့် တရားခံဖြစ်သူကို ဖမ်းဆီးရမိပြီးနောက် သက်သေခံ ပစ္စည်း ရှာဖွေစဉ် ထွက်ပြေးရန် ကြိုးပမ်းသဖြင့် ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားကြောင်း ရဲသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၃ ရက် နံနက် ၉ နာရီခန့်က ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာတွင် နေထိုင်သည့် အသက် (၅) နှစ်အရွယ် မသော်တာစိုင်းသည် အဘွားဖြစ်သူက ကျောင်းသွားရန် ပြင်ဆင်ပေးနေစဉ် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ မိသားစုနှင့် ရွာခံများက လိုက်လံရှာဖွေခဲ့ကြရာ ထိုနေ့ ည ၉ နာရီခန့်တွင် ရွာရှိ ကံမြင့်လမ်းအနီး၌ စောင်ဖြင့် ပတ်လျက် စွန့်ပစ်ထားသည့် ကလေးငယ်၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။
ကလေးငယ်၏ ရုပ်အလောင်းအား လှိုင်သာယာပြည်သူ့ဆေးရုံသို့ ပို့ဆောင်စစ်ဆေးခဲ့ရာ သက်ငယ် မုဒိမ်းကျင့်ခံထားရသည့် လက္ခဏာများ တွေ့ရှိရသည့်အပြင် ရင်ဘတ်တွင် ညိုမည်းဒဏ်ရာများနှင့် နားကပ်ကို ဆွဲဖြုတ်လုယူထားသဖြင့် နားရွက်ပြတ်လုမတတ် ဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်။
“ဒီကောင်ကို ဖမ်းမမိသေးခင်မှာ သူ့မိန်းမကို တူးချောင်းအုပ်ချုပ်ရေးမှူးရုံးမှာ မေးမြန်းဖို့ ခေါ်ထားပြီး သူ့ယောက်ျားရှိတဲ့နေရာကို ပြောပြခိုင်းတာကို ဆယ်သိန်းပေးရင် နေရာပြောမယ်လို့ ပြန်တောင်းတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရွေးတုအစိုးရလက်အောက်ခံ ရဲတပ်ဖွဲ့သည် အဆိုပါ လူသတ်မုဒိမ်းမှုကျူးလွန်သူ ရဲဝင်းပိုင် (ခ) ကျွဲကြီး (ခ) ရဲကြီး (ခ) ပိုင်လေး (၃၃) နှစ် ကို ဇူလိုင် ၆ ရက်နေ့က ပဲခူးတိုင်း၊ နတ်တလင်းမြို့၊ ဗိုလ်ချုပ်လမ်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် မသင်္ကာသဖြင့် စစ်ဆေးမေးမြန်းရာမှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးရမိပြီးနောက် ဇူလိုင် ၇ ရက်တွင် တရားခံဖြစ်သူအား ဖြစ်စဉ်ကျူးလွန်စဉ်က ဝတ်ဆင်ခဲ့ပြီး ထန်းတပင်မြို့နယ်၊ သပြေခြံကျေးရွာ၊ မင်းထက်မင်းဆိပ်ကမ်းသို့ သွားရာလမ်း တောစပ်၌ ဝှက်ထားခဲ့ သည့် အဝတ်အစားများ သက်သေခံအဖြစ် သိည်းဆည်းရန် လိုက်လံပြသခိုင်းခဲ့သည်။
ထိုသို့ ရှာဖွေနေစဉ်အတွင်း တရားခံ ရဲဝင်းပိုင်က လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်သားတစ်ဦးအား တွန်းဖယ်ကာ ထွက်ပြေးရန် ကြိုးပမ်းခဲ့သဖြင့် ရဲတပ်ဖွဲ့မှ MA-13 သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ် ဖမ်းဆီးရာမှ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
လတ်တလောတွင် သေဆုံးသူ တရားခံ ရဲဝင်းပိုင်၏ ရုပ်အလောင်းအား လှိုင်သာယာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး၊ တက်သစ်နယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၁/၂၀၂၆) ဖြင့် အမှုဖွင့်လှစ်ကာ လုပ်ထုံး လုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
ဓာတ်ပုံ-ရဲတပ်ဖွဲ့