‎ဧရာဝတီတိုင်းမ်
‎ဇူလိုင် ၈ရက်

‎ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းအစပ်တွင် စစ်တပ်နှင့် အာရက္ခတပ်တော် AAတို့အကြား စစ်ရေးအခြေအနေများ ပိုမိုတင်းမာလာနေပြီး စစ်တပ်ဘက်က ဧရာဝတီစစ်မျက်နှာကို စစ်အင်အားနှင့် လက်နက်ခဲယမ်းများကို အဆမတန် အလုံးအရင်းဖြင့် ဆက်တိုက်ဖြည့်တင်းလျက်ရှိကြောင်း သိရသည်။

‎ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရွေးတုအစိုးရစစ်တပ်သည် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အသီးသီးမှတစ်ဆင့် စစ်မျက်နှာပြင်များဆီကို လူအင်အားနှင့် စစ်လက်နက်ပစ္စည်းများအား အရှိန်အဟုန်မြှင့် ရွှေ့ပြောင်းနေကြောင်း မြေပြင် သတင်းရင်းမြစ်များထံမှ သိရသည်။

‎”ဇွန် ၂၈ရက်နောက်ပိုင်းမှာ ဧရာဝတီ စစ်မျက်နှာကနေ စစ်သား ၃၀၀ လောက်ပြန်ထုတ်သွားတာရှိတယ်။ အဲဒီ့နောက်ပိုင်း အင်အားကို ၅၀ဖြည့်လိုက်၊ ၁၀၀ဖြည့်လိုက်လုပ်နေရာက အခု အလုံးအရင်းနဲ့ တစ်ခါပို့ရင် ၃၀၀ လောက်ထပ်ထပ်ပို့လာတာ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ပြီးခဲ့သည့် ဇူလိုင် ၄ ရက်ဝန်းကျင်တွင် ဟင်္သာတမြို့မှ ကွင်းကောက်ဘက်သို့ စစ်အင်အားအပြည့်တင်ဆောင်လာသည့် စစ်ကားအစီးကြီး ၁၀ စီး ထွက်ခွာသွားခဲ့သည်။ ထို့အတူ ပုသိမ်ဘက်မှလည်း စစ်အင်အား ၂၀၀ ခန့် လိုက်ပါလာသည့် စစ်ကားကြီး ကိုး စီးသည် မြောက်စမ်းဘက်သို့ ဦးတည်တက်သွားကြောင်း သိရသည်။

‎စစ်အုပ်စုသည် ပုသိမ်အခြေစိုက် တပ်ရင်းများမှတစ်ဆင့် (၃၄၄) အမြောက်တပ်သို့ အင်အားဖြည့်တင်းမှုများ ပြုလုပ်နေသည့်အပြင်၊ လေးမျက်နှာဘက်တွင်လည်း စစ်အင်အား တိုးမြှင့်ချထားသည်။ အလားတူ ပုသိမ်-မုံရွာ လမ်းပိုင်းကို စိုးမိုးနိုင်ရေးအတွက် လမ်းတစ်လျှောက်တွင် စစ်အင်အားအများအပြား အသုံးပြုကာ တပ်ဖြန့်နေရာယူထားကြောင်း စုံစမ်းသိရှိရသည်။


‎စစ်ရေးအရ အရေးပါပြီး “သေမင်းတမန်ကူးတို့ဆိပ်” ဟု တင်စားခေါ်ဝေါ်နေကြသည့် စက်ဒေါင့်ကြီးဆိပ်ကမ်းမှတစ်ဆင့် စစ်တပ်သည် လက်နက်၊ ရိက္ခာ၊ ခဲယမ်းနှင့် လူအင်အားများကို မပြတ်တမ်း ဖြည့်တင်းနေရသည်။ ထိုဆိပ်ကမ်းသို့ တိုက်ပွဲပြင်းထန်ရာ ရှေ့တန်းမျက်နှာပြင်မှ ဒဏ်ရာရလူနာများလည်း စဉ်ဆက်မပြတ် ပြန်လည်ရောက်ရှိနေသည်။

မြေပြင်စစ်ရေးအခြေအနေတွင် စစ်တပ်သည် အထိနာမှုများနှင့် ရင်ဆိုင်နေရပြီး စစ်စခန်းအချို့ လက်လွှတ်ဆုံးရှုံးထားရသည်။ ဇူလိုင်လ ၂ ရက်နှင့် ၃ ရက်နေ့များတွင် ပွိုင့် ၂၂၇ ရှိ စစ်တပ်၏ ကာကင်းစခန်းများကို အာရက္ခတပ်တော် (AA) က အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ထို့ပြင် ကြောင်လျှာဒေသဘက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင်လည်း စစ်တပ်ဘက်က သေဆုံးထိခိုက်မှု အများအပြား ရှိနေကြောင်း သိရသည်။

‎လက်ရှိ တိုက်ပွဲပြင်းထန်နေသည့် မြေပြင်စစ်မျက်နှာများတွင် ရွေးတုအစိုးရစစ်တပ်သည် အဝေးမှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် အသေခံဒရုန်းများကို အသုံးပြု၍ ဆက်တိုက် တိုက်ခိုက်ခြင်းတို့ကို ပြုလုပ်နေသည်။

‎ရွေးတုအစိုးရစစ်တပ်၏ ထိုသို့သော အသည်းအသန် ခုခံစစ်ဆင်နွှဲမှုများနှင့် စစ်အင်အား တိုးမြှင့်နေမှုများကြောင့် ရခိုင်-ဧရာဝတီအစပ်ဒေသ၏ စစ်ရေးအခြေအနေမှာ ဆက်လက် တင်းမာပြင်းထန်နေဆဲ ဖြစ်ကြောင်း သိရသည်။