ဧရာဝတီတိုင်းမ်
​ဇူလိုင် ၈ ရက်

 

​ဧရာဝတီတိုင်းအတွင်းရှိ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် မတရားစစ်သားစုဆောင်းခံရပြီး ရှေ့တန်းစစ်မျက်နှာများသို့ စေလွှတ်ခြင်းခံရသည့် ပြည်သူ့ စစ်မှုထမ်းအများစုမှာ တိုက်ပွဲများအတွင်း သေဆုံး၊ ဒဏ်ရာရမှုများနှင့် ရင်ဆိုင်နေရကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

 

​လက်ရှိတွင် ရွေးတုအစိုးရ၏ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် ၃ အထိ သင်တန်းဆင်းများအား နေရပ်ပြန်ခွင့်ပြုခဲ့သော်လည်း အမှန်တကယ် မိသားစုထံ ပြန်လည်ရောက်ရှိလာသူမှာ အနည်းငယ်မျှသာ ရှိကြောင်း ဒေသခံများထံက သိရသည်။

 

​”ကျွန်မတို့ဆီက ကလေးတွေ ပြန်လာတာ အနည်းစုပဲရှိတာ။ တချို့အိမ်တွေဆို သေလို့ အရိုးအိုးပဲ ပြန်ပို့ပေးတယ်။ တချို့ကျတော့လည်း အဆက်အသွယ် လုံးဝမရတော့ဘူး၊ တကယ်ကတော့ ရှေ့တန်းတိုက်ပွဲတွေမှာ သေကုန်ကြပြီလို့ ကြားရတယ်” ဟု ပြည်သူ့စစ်မှုထမ်းမိသားစုနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်မြေပြင်သို့ စေလွှတ်ခံရသည့် ပြည်သူ့စစ်မှုထမ်းအချို့မှာ တိုက်ပွဲအတွင်း သေဆုံးသွားသဖြင့် မိသားစုများထံ အရိုးအိုးများသာ ပြန်လည်ပေးပို့နိုင်ခဲ့ပြီး၊ အချို့မှာမူ မိသားစုနှင့် အဆက်အသွယ် လုံးဝပြတ်တောက်နေကာ စစ်မြေပြင်တွင် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း နီးစပ်သူများက ပြောကြားသည်။

 

​ရွေးတုစစ်တပ်သည် စစ်အင်အားဖြည့်တင်းရန်အတွက် ဧရာဝတီတိုင်းအတွင်းရှိ ကွင်းကောက် (တကက) အမှတ် ၅နှင့် ပုသိမ် ရွှေမြင်တင်(တကက) အမှတ် ၆ စစ်သင်တန်းကျောင်းများတွင် စစ်မှုထမ်းအပတ်စဉအသစ်များကို ဆက်တိုက်ဆိုသလို သင်တန်းပေးလျက်ရှိသည်။

 

လက်ရှိ ရေကြည်မြို့နယ်၊ ကျောင်းကုန်း၊ ကျုံပျော်၊ အင်္ဂပူ၊ ကြံခင်း၊ မြန်အောင်၊ ဟင်္သာတမြို့နယ်တို့ရှိ ပြည်သူ့စစ်မှုထမ်းအများစုမှာ ရေတန်းစစ်မြေပြင်ဖြစ်သည့် ရခိုင်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းမြောက်သို့ အများစု ပို့ဆောင်ခံရပြီး တိုက်ပွဲတွင်း သေဆုံးမှုများပြားခဲ့ကြောင်း ဧရာဝတီတိုင်းမ်က စုံစမ်းသိရှိရသည်။

​ထို့အပြင် ရွေးတုတပ်သည် ဧရာဝတီတိုင်းမှ စုဆောင်းရရှိသည့် ပြည်သူ့စစ်မှုထမ်းများအား ၎င်းတို့၏ နေရပ်ဒေသများတွင် တာဝန်ချထားခြင်းမပြုဘဲ အခြားဝေးလံသည့် တိုင်းနှင့် ပြည်နယ်များရှိ စစ်မျက်နှာများသို့ ပြောင်းရွှေ့တာဝန်ပေးလျက်ရှိသည်။

 

​”ကိုယ့်တိုင်းက စစ်မှုထမ်းတွေကို ကိုယ့်တိုင်းမှာ ပြန်မထားဘူး။ တခြားတိုင်းတွေကို ပြောင်းပစ်တာ။ ကိုယ့်ဒေသမှာပဲ ထားရင် သူတို့က နယ်မြေကျွမ်းကျင်နေတော့ လစ်ရင်လစ်သလို ထွက်ပြေးမှာစိုးလို့ စစ်တပ်က တမင်တကာ ဝေးရာကို ပို့တာ” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောကြားသည်။

 

လတ်တလောတွင် အပတ်စဉ် ၂၄ မှ သင်တန်းသားများသည် ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့က သင်တန်းဆင်းခဲ့ပြီးဖြစ်ကာ၊ လက်ရှိတွင်လည်း အပတ်စဉ် ၂၆ ကို ဆက်လက်၍ စစ်သင်တန်းပေးနေသည်။

 

ဓာတ်ပုံ-ပုသိမ်ရွှေမြင်တင် တကက အမှတ်၆ လေ့ကျင့်ရေးသင်တန်းကျောင်း