ဧရာဝတီတိုင်းမ်
ဇူလိုင် ၇ ရက်

 

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က လေးလတာ ပြုလုပ်ခဲ့သည့် တပ်ဖွဲ့ဝင်များ စုဖွဲ့လေ့ကျင့်ခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းစဉ်များ ပြီးမြောက်ပြီဖြစ်၍ ရှေ့ဆက်ပြီး စစ်ဆင်ရေးများကို အပြည့်အဝ ဖော်ဆောင်သွားမည်ဟု ယနေ့ ဇူလိုင် ၇ ရက်တွင် ထုတ်ပြန်သည်။

 

MDY-PDF အနေဖြင့် ပြီးခဲ့သည့် လေးလတာအတွင်း တပ်တစ်ခုလုံး အတိုင်းအတာဖြင့် ပြန်လည်စုဖွဲ့လေ့ကျင့်ခြင်းနှင့် စစ်ရေး၊ နိုင်ငံရေး စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအပတ်စဉ် ၂ ခုအပါအဝင် အခြားသင်တန်းများကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် ရှေ့ဆက်ရမည့် တော်လှန်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ပြင်ဆင်မှုများ ပြီးမြောက်ခဲ့ပြီဖြစ်ကြောင်း ဆိုသည်။

ယင်းသို့ ပြန်လည်စုဖွဲ့လေ့ကျင့်စဉ် ကာလအတွင်း စစ်ဆင်ရေးများကို အကန့်အသတ်ဖြင့်သာ ဖော်ဆောင်ခဲ့သော်လည်း ယခုအခါတွင် မိတ်ဖက်တော် လှန်ရေး အင်အားစုများနှင့် လက်တွဲကာ စစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့် အပြည့်အဝ ဖော်ဆောင်သွားမည်ဟု ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

 

ထို့ပြင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် မိတ်ဖက် အဖွဲ့အစည်းများနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု MDY-PDF က ဆိုသည်။

 

ဓာတ်ပုံ-MDY-PDF