ဧရာဝတီတိုင်းမ်
မင်းတပ်၊ ဇူလိုင် ၇ ရက်

 

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ရွေးတုအစိုးရတပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်သည့်အတွက် အရပ်သား အမျိုးသမီးတစ်ဦး သေဆုံးပြီး လူနေအိမ် (၁၀) လုံး ကျော် ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

 

မင်းတပ်မြို့နယ် တိုက်နယ် ၂ ဘက်ခြမ်းရှိ ကျေးရွာကို တိုက်ပွဲမရှိဘဲ ယမန်နေ့ ဇူလိုင် ၆ ရက်၊ ည ၁၀ နာရီဝန်းကျင်တွင် တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာဖြင့် လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

“ပြင်းအားပြင်း ဗုံးသီးနှစ်လုံးနဲ့ ရွာထဲကို ဗုံးကြဲသွားတာပါ။ အသံအကျယ်ကြီးပဲ၊ မြေကြီးပါ တုန်သွားတယ်”ဟု မင်းတပ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် လူလတ်ပိုင်း အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရပြီးနောက် ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် သေဆုံးသွားကြောင်း သိရသည်။

 

ထို့အပြင် ဗုံးသီးထိမှန်မှုကြောင့် အရပ်သား လူနေအိမ် ၁၀ လုံး ထိခိုက်ပျက်စီးသွားသည်။

 

“မနေ့က ပြင်းထန် ဒဏ်ရာရတဲ့ အမျိုးသမီးတယောက်က ဆေးကုသရင်း ဒီနေ့ နေ့လယ်လောက်မှာ ဆုံးသွားပါပြီ။ နေအိမ် (၁၀) လုံး ကျော်လည်း ပျက်စီးသွားတယ်” ဟု မင်းတပ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ထို့အပြင် ယမန်နေ့ ည မင်းတပ်မြို့ပေါ် တစ်နေရာကို ဂျက်ဖိုက်တာဖြင့် ရွေးတုအစိုးရစစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်သွားကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့ကလည်း မင်းတပ်မြို့နယ် အရှေ့ခြမ်း ကို Y-12 လေယာဉ်၊ ဂျက်ဖိုက်တာတို့ဖြင့် ဗုံးသီးအလုံးရေ ၃၀ ကျော်ကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။