ဧရာဝတီတိုင်းမ်
ဇူလိုင် ၇ ရက်
မြန်မာနိုင်ငံအတွင်းရှိ တရားမဝင် သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် နယ်စပ်ဖြတ်ကျော် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်နေခြင်းနှင့် ပတ်သက်၍ ကုလသမဂ္ဂ (UN) က မေးမြန်းထားသည့် ကိစ္စရပ်များကို ထိုင်းအစိုးရအနေဖြင့် အမြန်ဆုံး ပြန်လည်ဖြေကြားရန် ထိုင်းအထက် လွှတ်တော်အမတ်က တိုက်တွန်းပြောဆိုခဲ့သည်။
လူ့အခွင့်အရေး၊ ရပိုင်ခွင့်များနှင့် လွတ်လပ်မှုများဆိုင်ရာ စားသုံးသူကာကွယ်ရေးကော်မတီဥက္ကဋ္ဌ နိုရာဆတ်ပရာချာခွန် က ထိုင်းအစိုးရအနေဖြင့် ကုလသမဂ္ဂကျွမ်းကျင်သူများ၏ စုံစမ်းမေးမြန်းချက် များကို သတ်မှတ်ထားသည့် ရက်ပေါင်း ၆၀ ပြည့်မြောက်သည့်တိုင်အောင် ပြန်လည်ဖြေကြားခြင်း မရှိသေးကြောင်း ဇူလိုင်လ ၆ ရက်နေ့တွင် ထိုင်းမီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့သော စုံစမ်းမေးမြန်းချက်မျိုးကို သတ္တုတူးဖော်ရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည့် တရုတ် အစိုးရနှင့် မြန်မာနိုင်ငံမှ အာဏာလုစစ်အုပ်စုထံသို့လည်း ကုလသမဂ္ဂက ပေးပို့ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အတွင်းရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ညစ်ညမ်းဓာတု ပစ္စည်းများကို သန့်စင်ခြင်းမရှိဘဲ နမ့်ခုတ်မြစ် (Kok)၊ မယ်ဆိုင်မြစ် (Sai)၊ ရုအက်မြစ် (Ruak) နှင့် မဲခေါင်မြစ်များအတွင်းသို့ စွန့်ပစ်နေသည့်အတွက် မြစ်ရေညစ်ညမ်းမှုမှာ ဒေသတွင်းပြဿနာသာ မဟုတ်တော့ဘဲ အမျိုးသားအဆင့်နှင့် နိုင်ငံတကာ ပြည်သူ့ကျန်းမာရေးအတွက်ပါ ကြီးမားသော အန္တရာယ် ဖြစ်လာနေကြောင်းလည်း လွှတ်တော်အမတ်က ထောက်ပြခဲ့သည်။
ထို့ကြောင့် ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံအခြေစိုက် တရားမဝင်တရုတ်သတ္တုတူးဖော်မှုကြောင့် ဖြစ်ပေါ်လာသည့် နယ်စပ်ဖြတ်ကျော် မြစ်ရေညစ်ညမ်းမှုပြဿနာကို တရုတ်အစိုးရ၊ ရွေးတုစစ်အစိုးရ တို့နှင့် ဆက်သွယ်ပြီး ထိရောက်ပြတ်သားသည့် ချဉ်းကပ်မှုမျိုးဖြင့် ကိုင်တွယ်ဆောင်ရွက်သင့်ကြောင်း ၎င်းက ဆက်လက်တိုက်တွန်းခဲ့သည်။
အဆိုပါမြစ်ရေညစ်ညမ်းမှုပြသနာကို ထိရောက်စွာ ဖြေရှင်းပေးရန် ယမန်နေ့ ဇူလိုင် ၆ ရက်နေ့က ချင်းမိုင်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် ထိုင်းနိုင်ငံသားများကဆန္ဒထုတ်ဖော်ခဲ့ကြစဉ် ရဲများနှင့် ပဋိပက္ခဖြစ်ပွားခဲ့ပြီး ထိုင်းနိုင်ငံသား နှစ် ဦးထိခိုက်ခဲ့ကာ ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
ကိုးကား – Thai PBS World