ဧရာဝတီတိုင်းမ်
ဇူလိုင် ၇ ရက်
ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် နိုင်ငံတစ်ဝန်းတွင် စစ်ရေးအရ အထိနာနေသည့် ရွေးတုသမ္မတ မင်းအောင်လှိုင်၏ လာအိုနိုင်ငံ သုံးရက်ကြာခရီးစဉ်အတွင်း မဲခေါင်မြစ်မှ ရေအားလျှပ်စစ်ထုတ် လုပ်ရေးနှင့် လာအိုရောက် မြန်မာအလုပ်သမားအရေး သဘောတူညီချက်များ ရရှိခဲ့ကြောင်း ရွေးတုအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
လာအိုနိုင်ငံသည် ကုန်းတွင်းပိတ်နိုင်ငံဖြစ်ပြီး မဲခေါင်မြစ်ကြီး တစ်စင်းထဲနေ၍ လျှပ်စစ်ထုတ်လုပ်ကာ ဗီယက် နမ်၊ ထိုင်းနှင့် ကမ္ဘောဒီယားနိုင်ငံများထံရောင်းချနိုင်သဖြင့် မြစ်လေးစင်းရှိသောမြန်မာနိုင်ငံက လျှပ်စစ်ဓာတ်အားထုပ်လုပ်ရေးလေ့လာရန်၊လာအိုနိုင်ငံကိုရွေးချယ်လိုက်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ရွေးတုသမ္မတ မင်းအောင်လှိုင်၏ အဆိုပါခရီးစဉ်တွင် နှစ်နိုင်ငံ နယ်စပ်မဲခေါင်မြစ် ရေအားလျှပ်စစ် စီမံကိန်း ဖြစ်နိုင်ခြေစူးစမ်းလေ့လာမှုဆိုင်ရာ ပူးတွဲသဘောတူစာချုပ်ကို ချုပ်ဆိုခဲ့သည်။

အဆိုပါစာချုပ်တွင် မြန်မာနိုင်ငံဘက်မှ Primus Sapphire Power Co., Ltd. နှင့် လာအိုနိုင်ငံဘက်မှ Phongsupthavy Group Sole Co., Ltd တို့ ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ပြီး ခန့်မှန်းတပ်ဆင်အင်အား ၂၇၉၀ မဂ္ဂါဝပ်အထိ ထွက်ရှိနိုင်သော အဆိုပါစီမံကိန်းကို ၃ နှစ်အတွင်း လေ့လာမှုများ ပြီးစီးရန် သဘောတူခဲ့ကြကြောင်း သိရသည်။
Primus Sapphire Power Co., Ltd. သည် အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးများ သို့မဟုတ် ၎င်းတို့၏ မိသားစုဝင်များ အစုရှယ်ယာအများဆုံးဖြင့် ပိုင်ဆိုင်ထားပြီး ရေအားလျှပ်စစ်စီမံကိန်းများသည် မြစ်ချောင်းများ၏ သဘာဝအတိုင်း စီးဆင်းမှုကို ကန့်သတ်စေခြင်း၊ ရေနေဂေဟစနစ်ပျက်စီးခြင်း၊ ရေထုညစ်ညမ်းမှုနှင့် ဒေသခံပြည်သူများ နေရပ်စွန့်ခွာရမှုအပါအဝင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်မှု ပိုမိုပြင်းထန်နိုင်စေ၍ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးပညာရှင်များက ကန့်ကွက် လေ့ရှိသည်။
ထို့ပြင် ရွေးတုသမ္မတသည် အဆိုပါခရီးစဉ်အတွင်း လာအိုနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာ အလုပ်သမားများအတွက် Certificate of Identity (CI) ထုတ်ပေးရေးနှင့် အခွင့်အရေးများ အကာအကွယ်ပေးရေး ပူးပေါင်းဆောင်ရွက်မည်ဟု ကြေညာခဲ့သည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် လာအိုနိုင်ငံသို့ လူငယ်အများအပြားနှင့် CDM ပြုလုပ် ထားသူများ အလုပ်လုပ်ကိုင်ရန် ရွှေ့ပြောင်းသွားလာမှု များပြားခဲ့သော်လည်း လုပ်ခလစာ နည်းပါးမှုနှင့် နေထိုင်ရေး အဆင်မပြေမှုများကြောင့် အကျပ်အတည်း ဆိုက်နေကြကြောင်း သိရသည်။

“အလုပ်က ခေါက်ဆွဲစက်ရုံတွေ လုပ်ရတာမျိုးရှိတယ်၊ လစာနည်းတယ်၊ နောက်ပြီးတော့ စားစရာ ရှားတယ်၊ အခုလူငယ်တွေ လုပ်နေကြတာ ကျားဖြန့် (အွန်လိုင်းလိမ်လည်မှု) မှာ လုပ်နေကြတာ များတယ်။ ရိုးရိုးစက်ရုံတွေမှာ လခနည်းတော့ အဆင်မပြေကြဘူး။ ကျွန်တော်လည်း အလုပ်အဆင် မပြေလို့ ပြန်လာခဲ့ရတယ်” ဟု လာအိုနိုင်ငံသို့ သွားရောက်ခဲ့သူ CDM လူငယ်တစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
ရွေးတုသမ္မတ မင်းအောင်လှိုင်၏ လာအိုနိုင်ငံခရီးစဉ်တွင် အလုပ်သမားရေး သဘောတူညီချက် ရရှိကြောင်း ပြောကြားသော်လည်း လက်ရှိမြေပြင်တွင် အလုပ်လုပ်ကိုင်နေသူများ၊ ကျားဖြန့်လုပ်ငန်း များ၌ လူကုန်ကူးခံနေရသည့် မြန်မာလူငယ်များအတွက် လက်တွေ့ကျကျ အကျိုးခံစားခွင့်နှင့် အကာ အကွယ်ရရှိရန် လိုအပ်နေသည်။
ထို့ပြင် အဆိုပါခရီးစဉ်အတွင်း ကျိုင်းတုံမြို့နှင့် လွန်ပရာဘန်မြို့ကို လေကြောင်းလိုင်း ပြေးဆွဲရန်၊ နယ်စပ်ဒေသကုန်သွယ်မှု တိုးမြှင့်ရန်နှင့် မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး လုပ်ငန်းများတွင် သတင်းအချက်အလက် ဖလှယ်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြန်မာနှင့် လာအိုနိုင်ငံတို့သည် ကီလိုမီတာ ၂၄၀ နီးပါး ရှည်လျားသည့် မဲခေါင်မြစ်နယ်စပ် တစ်လျှောက်ရှိပြီး စစ်တပ်နှင့် ပတ်သက်နေသည့် တရားမဝင် ရာဇဝတ်မှုလုပ်ငန်းများကိုမူ ထိရောက်စွာ နှိမ်နင်းနိုင်ခြင်း မရှိသေးကြောင်း ဒေသတွင်း စောင့်ကြည့်လေ့လာသူများက ဆိုသည်။
ဓာတ်ပုံ – MOI, မဲခေါင်ကော်မရှင်