ဧရာဝတီတိုင်းမ်
ဇူလိုင် ၇ရက်
ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် ရွေးတုအစိုးရစစ်တပ်၏ စစ်ရေယာဉ်အုပ်စုသည် ရှေ့ထွက်မိုင်းများဖြင့် ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပြီးနောက် ယနေ့တွင် ကင်းထောက်လေယာဉ်များနှင့် ဒရုန်းများ အသုံးပြုကာ မြစ်ကြောင်းအတိုင်း ဆက်လက်ဆန်တက်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။
မုံရွာမြို့မှ ထွက်ခွာလာပြီး စစ်ရေယာဉ် ၄၂ စီးပါဝင်သည့် အဆိုပါ ရေယာဉ်အုပ်စုကို ကနီမြို့နယ်၊ ရွှေစာရေးဝဲအတွင်း၌ ဒေါင်းမျိုးဆက် ကနီပြည်သူ့ကာကွယ်ရေးအဖွဲ့က ရှေ့ထွက်မိုင်း ၁၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ယင်းတိုက်ခိုက်မှုကို ဇူလိုင် ၆ ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ရေယာဉ်အုပ်စု ထိခိုက် ပျက်စီးမှုအခြေအနေ အသေးစိတ်ကိုမူ မသိရသေးပေ။ တိုက်ခိုက်ခံရပြီးနောက် စစ်ရေယာဥ်များသည် ချင်းတွင်းမြစ်ကမ်းဘေး ဝဲယာတစ်လျှောက်သို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
”တိုက်ခိုက်ရေး စစ်သင်္ဘော နှစ်စီး၊ ဖလပ် ၂၆စီး လောလောဆယ် ဆက်တက်လာနေတယ်။ လေယာဉ်ရှေ့ပြေး ဝဲနေတာလည်းရှိတယ်” ဟု ဒေသခံသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြစ်ကြောင်းသတင်း စောင့်ကြည့်ရရှိမှုများအရ အဆိုပါတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်မှုအချို့ရှိခဲ့သည့် စစ်ရေယာဉ်အုပ်စုထဲမှ သင်္ဘောအချို့သည် ယနေ့ ဇူလိုင် ၇ ရက် မွန်းလွဲပိုင်းတွင် ကနီမြို့မှတစ်ဆင့် အုမ္မရွာအနီးသို့ ရောက်ရှိနေပြီး အထက်သို့ ဆက်လက်ဆန်တက်နေကြောင်း သိရသည်။
လက်ရှိတွင် စစ်တပ်ဘက်က မြစ်ကြောင်းတစ်လျှောက် တိုက်ခိုက်ခံရမည်ကို စိုးရိမ်သဖြင့် ကင်းထောက် လေယာဉ်များနှင့် ဒရုန်းများ အသုံးပြုကာ လေကြောင်းမှ စောင့်ရှောက်လုံခြုံရေးယူပြီးမှသာ အထက်သို့ အပူတပြင်း ဆန်တက်နေကြောင်း သိရသည်။ စစ်ရေယာဉ်စု ဆန်တက်လာမှုကြောင့် မြစ်ကမ်း ဘေးဝဲယာရှိ ဒေသခံကျေးရွာသားများအနေဖြင့်လည်း စစ်ရေးသတိဖြင့် စောင့်ကြည့်နေကြရသည်။
ပုံစာ-ချင်းတွင်းမြစ်အတွင်းရှိ စစ်အုပ်စု စစ်ရေးယာဉ်များကိုတွေ့ရစဉ်။