ဧရာဝတီတိုင်းမ်
ဇူလိုင် ၇ ရက်

 

အာဏာသိမ်း စစ်အုပ်စုကြောင့် ကြုံတွေ့ရင်ဆိုင် ခံစားနေရသည့် မြန်မာပြည်သူများ၏ အသက်‌နှင့် အနာဂတ်တို့ကို ကယ်တင်ရန် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် R2P လုပ်ဆောင်ရမည့် အချိန်အခါဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) အား ပံ့ပိုးကူညီပေးရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မေတ္တာရပ်ခံ တိုက်တွန်းဆိုသည်။

 

နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ယမန်နေ့ ဇူလိုင် ၆ ရက်၌ ကျင်းပခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အစီအစဉ်အမှတ် (၁၃၁) ဖြစ်သော အကာအကွယ်ပေးရန် တာဝန်ရှိမှုနှင့် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ၊ လူမျိုးစုသန့်စင်ရေးနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ကာကွယ်တားဆီးရေးဆိုင်ရာ ခေါင်းစဉ်ဖြင့် မျက်နှာစုံညီ အစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်မိန့်ခွန်းပြေကြားခဲ့ာသည်။

“အချိန်ဟာ အလွန်အရေးကြီးပါတယ်။ မြန်မာပြည်သူတွေရဲ့ အသက်ပေါင်းများစွာနဲ့ အနာဂတ်ကို ကယ်တင်ဖို့ နိုင်ငံတကာ အသိုက်အဝန်းရဲ့ R2P အကောင်အထည်ဖော်မှုမှာ ကြာမြင့်စွာ နှောင့်နှေးနေပြီ ဖြစ်ရာ အခုအချိန်ဟာ လုပ်ဆောင်ရမယ့် အချိန်အခါဖြစ်ပါတယ်” ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက ၎င်းမိန့်ခွန်းတွင် ထည့်သွင်းပြောကြား၍ တောင်းဆိုခဲ့သည်။

 

အကြမ်းဖက် စစ်အုပ်စုသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီ အဖွဲ့အစည်းများ၊ တရားဥပဒေ စိုးမိုးရေးနှင့် တရားစီရင်ရေး လွတ်လပ်မှုများကို ဖျက်ဆီး၍ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအပြင် လူအစုလိုက်အပြုံလိုက် ရက်စက် ကြမ်းကြုတ်မှုများအား ဆက်လက်ကျူးလွန် လုပ်ဆောင်လျက်ရှိသည်။

 

ထိုကဲ့သို့ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအဆင့်ထိ ရောက်ရှိ လာသည့် စစ်အုပ်စု၏ ကြီးလေးသော ဥပဒေချိုးဖောက်မှုများကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM)၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းများတွင် အကြိမ်ကြိမ် မှတ်တမ်းတင်ထားကြောင်း သိရသည်။

ယင်းအပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မဟာမိတ်ဒီမိုကရေစီ အင်အားစုများသည် ပဋိပက္ခကာလအတွင်း မတရားမှုများ ကျူးလွန်ခံရသော အရပ်သားပြည်သူများအတွက် တရားမျှ တမှုနှင့် တာဝန်ခံမှုရရှိစေရေး ရည်ရွယ်၍ SCEF မှတစ်ဆင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု စနစ်တစ်ရပ် တည်ထောင်သွားရန် ညှိနှိုင်းဆောင်ရွက်နေကြောင်း သံအမတ်ကြီးက ကုလအသိုင်းအဝိုင်း ကို အသိပေးပြောကြားသည်။

 

“စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ပြီး ကြီးလေးတဲ့ ရာဇဝတ်မှုတွေကို ကာကွယ်ရေးနဲ့ ကြိုတင် တားဆီးရေး အစီအမံတွေ ရရှိစေမယ့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် SCEF ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ပံ့ပိုးကူညီပေးဖို့ နိုင်ငံတကာ အသိုက်အဝန်းအား မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်” ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုသည်။

 

လက်ရှိတွင် အကြမ်းဖက် စစ်အုပ်စုသည် အရပ်သားပြည်သူ ၈,၁၀၀ ကျော်ကို ဥပဒေမဲ့ သတ်ဖြတ်ခဲ့ပြီး ပြည်တွင်းနေရပ်စွန့်ခွာ စစ်ဘေးရှောင် ၃ ဒသမ ၇ သန်းကျော် ရှိလာသလို ယခုနှစ် ဧပြီ ၂၀ ရက်မှ ဇွန် ၃၀ ရက်အထိ ရက်ပေါင်း ၇၀ အတွင်း၌ လေကြောင်းတိုက်ခိုက်မှု ၁,၁၄၇ ကြိမ်၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အကြိမ် ၂၀ အပါအဝင် အရပ်သားများကို ဦးတည်အကြမ်းဖက်မှုများ ပိုမိုပြင်းထန် လာကြောင်း သိရသည်။

 

NUG သည် စစ်အုပ်စု၏ ဆိုးဝါးပြီး ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်လျက်ရှိသည့် ရာဇဝတ်မှုများကို တုံ့ပြန်သည့်အနေဖြင့် နိုင်ငံတဝန်းရှိ အရပ်သားများအား ကာကွယ်ရေးနှင့် တာဝန်ခံမှု ကွာဟချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ၏ တရားစီရင်ပိုင်ခွင့်အား လက်ခံဟု ၂၀၂၁ ခုနှစ် ဇူလိုင်တွင် ကြေညာထားပြီးဖြစ်ကြောင်း သိရသည်။

 

ထို့ကြောင့် ICC အနေဖြင့် မြန်မာပြည်သူများအပေါ် ကြီးလေးသော ရာဇဝတ်မှုများကို ကျူးလွန် လျက်ရှိသော အကြမ်းဖက် စစ်အုပ်စုခေါင်းဆောင် လက်ရှိရွေးတုသမ္မတ မင်းအောင်လှိုင်အား ဖမ်းဆီးရန် တရားစွဲအရာရှိမှ တင်သွင်းလျှောက်ထားမှုအပေါ် အလေးအနက်ထား ဆောင်ရွက်ရေး သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း တောင်းဆိုထားသည်။

 

ဓာတ်ပုံ – NUG