ဧရာဝတီတိုင်းမ်
ဇူလိုင် ၇ ရက်
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲ (၁) ရပ်ကွက်ရှိ ပုလဲအိမ်ရာဝင်းအတွင်း၌ ယမန်နေ့ ဇူလိုင် ၆ ရက် နံနက်ပိုင်းက အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းအား ဒဏ်ရာများဖြင့် တွေ့ရှိခဲ့ရကြောင်း ပုလဲအရန် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
အိမ်ရာဝင်းအတွင်းရှိ အမှိုက်ပုံအနီးသို့ ရေသန့် ဘူးလာကောက်သူတစ်ဦးက ဇူလိုင် ၆ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် အဆိုပါရုပ်အလောင်းကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းမှတစ်ဆင့် အိမ်ရာ လုံခြုံရေးအဖွဲ့နှင့် သက် ဆိုင်ရာရဲတပ်ဖွဲ့သို့ ဆက်လက်အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သေဆုံးသူအမျိုးသမီးက အသက် ၃၀ ဝန်းကျင်အရွယ် ဖြစ်ပါတယ်။ ရုပ်အလောင်းကို စစ်ဆေးချက် အရ လည်ပင်းကို ကြိုးနဲ့ညှစ်ထားတဲ့ ဒဏ်ရာတွေ ထင်ထင်ရှားရှား တွေ့ရပါတယ်။ ပြီးတော့ အဲဒီ အမျိုးသမီးရဲ့ လက်နဲ့ ကျောကုန်းမှာလည်း တက်တူးပုံတွေ ထိုးထားတာ တွေ့ရတယ်” ဟု ပုလဲအရန် မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ရုပ်အလောင်းအား ပုလဲအရန်မီးသတ်တပ်ဖွဲ့က သက်ဆိုင်ရာရဲတပ်ဖွဲ့၏ ဆေးစာနှင့်အတူ မြောက်ဥက္ကလာပမြို့နယ်ရှိ မေဓာဝီဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူမှာ မည်သူမည်ဝါ ဖြစ်ကြောင်းကို လက်ရှိအချိန်ထိ အတည်မပြုနိုင်သေးဘဲ မိသားစုဝင်များနှင့်လည်း အဆက်အသွယ် ရရှိခြင်းမရှိသေးကြောင်း သိရသည်။
ဓာတ်ပုံ – ကိုထင်လင်းအောင်(ပုလဲအရန်မီးသတ်)