ဧရာဝတီတိုင်းမ်
ဇူလိုင် ၇ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ ရွေးတုအစိုးရစစ်တပ်၏ ကာကင်းစခန်းကုန်းနှစ်ခုကို အာရက္ခတပ် တော် (AA) က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီးနောက် အဆိုပါဒေသတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း AA က ယနေ့ ဇူလိုင်၇ ရက်တွင် ထုတ်ပြန်သည်။
စခန်းကုန်းများ လက်လွှတ်ရပြီးနောက် ကစဉ့်ကလျား ထွက်ပြေးသွားသည့် ရွေးတုအစိုးရစစ်တပ် တပ်သားများကို AA က လိုက်လံချေမှုန်းခဲ့ရာ ဇူလိုင် ၄ ရက်နေ့တွင် မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ လိုက်လံရှင်းလင်းမှုအတွင်း ရွေးတုအစိုးရစစ်တပ်ဘက်မှ အလောင်းအချို့၊ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ကို ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
ရေကြည်မြို့နယ်အခြေစိုက် ရွေးတုအစိုးရစစ်တပ်၏ တပ်ရင်း ၂၂၇ပွိုင့်ကုန်းရှိ ကာကင်းစခန်းကုန်း နှစ်ခုကို အာရက္ခတပ်တော်က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
စခန်းကုန်းများ ဆုံးရှုံးလိုက်ရသည့် ရွေးတုအစိုးရစစ်တပ်သည် AA က သိမ်းပိုက်ထားသော စခန်းကုန်း ဟောင်းများနှင့် တိုက်ပွဲဖြစ်ပွားရာနေရာများသို့ ဂျက်တိုက်လေယာဉ်များ၊ ဒရုန်းများ အသုံးပြု၍ အကြိမ်ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်နေသည့်အပြင် အဝေးမှလည်း လက်နက်ကြီး များဖြင့် ဆက်တိုက်ပစ်ခတ် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ရေကြည်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲနောက်ဆက်တွဲအခြေအနေများနှင့် ပတ်သက်၍ သတင်းများ ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း အာရက္ခတပ်တော် (AA) က အသိ ပေးထားသည်။
ဓာတ်ပုံ-AA Info Desk