ဧရာဝတီတိုင်းမ်
ဇူလိုင် ၇ ရက်
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်တွင် ကာလတန်ဖိုး ကျပ်သိန်း ၆၀၀၀ ကျော်ရှိ Happy Water အထုပ် ၁၄၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ယင်းအမှုတွင် ရွေးတုအစိုးရစစ်တပ်မှ အရာရှိကြီးအချို့ ပါဝင်ပတ်သက်နေကြောင်း ရဲသတင်းရင်းမြစ်များထံမှ သိရသည်။
ရွေးတုအစိုးရစစ်တပ်၏ မူးယစ်တပ်ဖွဲ့၊ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် လုံခြုံရေး ပူးပေါင်းအဖွဲ့များသည် ဇူလိုင် ၄ ရက်နေ့ နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်ရှိ ရတနာဦးဟိုတယ်ကို ဝင်ရောက်ရှာဖွေခဲ့ရာ အခန်းအမှတ် ၃၃၃ နှင့် ၂၂၂ တို့မှ စုစုပေါင်း အလေးချိန် ၁၁ ကီလိုဂရမ်ခန့်ရှိ Happy Water အထုပ် ၁၄၀၀ နှင့်အတူ သယ်ဆောင်သူ လေး ဦးကို စတင်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
“ဒီအမှုကို ပြင်ပကိုမပေါက်ကြားအောင် အတွင်းပိုင်းမှာပဲ ဖုံးထားတယ်။ တရားဝင်သတင်းထုတ်ပြန် တာမျိုး မလုပ်ဘူး” ဟု ရဲသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကွင်းဆက်စုံစမ်းချက်အရ ယင်းနေ့ နံနက် ၃ နာရီခန့်တွင် ပုသိမ်ကြီးမြို့နယ် ၁၆ မိုင်စစ်ဆေးရေး ဂိတ်အနီး၌ မူးယစ်ဆေးဝါးသယ်ဆောင်မှုတွင် ကူညီခဲ့သည့် ပြင်ဦးလွင် ရွေးတုအစိုးရစစ်တပ် သိပ္ပံနှင့် သုတေသနနည်းပညာဌာနချုပ် (သသန) မှ ဗိုလ်မှူး စိုးသူ၊ တပ်ကြပ်ကြီး ချစ်စမ်းမောင် အပါအဝင် အဖွဲ့ဝင် လေး ဦးကို ယာဉ်တစ်စီးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ၏ ပိုင်ရှင်မှာ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၂၄၀ တပ်မှ ဗိုလ်မှူးအောင်သန့်စင် ဖြစ်ကြောင်း သိရသည်။
အဆိုပါဆေးဝါးများကို လားရှိုးမှ မန္တလေးသို့ သယ်ဆောင်ရာတွင် ပြင်ဦးလွင်မြို့နယ်ရှိ ဝက်ဝံပူးပေါင်း စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းနိုင်ရန်အတွက် တပ်မတော်သိပ္ပံနှင့် သုတေသနနည်းပညာဌာန (သသန) တပ်မှ ဗိုလ်မှူး စိုးသူနှင့် တပ်ကြပ်ကြီး ချစ်စမ်းမောင်တို့က ထော်လာဂျီဖြင့် လမ်းကြောင်းလွှဲ သယ်ဆောင်ပေးခဲ့ပြီး ဂိတ်ကျော်လွန်မှ မန္တလေးသို့ မော်တော်ယာဉ်ဖြင့် ဆက်လက်ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ အရပ်သားနှင့် ရွေးတုအစိုးရစစ်တပ်မှ စုစုပေါင်း ရှစ် ဦးကို မူးယစ်တပ်ဖွဲ့ရုံး၌ ကွင်းဆက်များ ဆက်လက်စစ်ဆေးနေပြီး ရွေးတုအစိုးရ စစ်တပ်ဘက်ကမူ ၎င်းတို့အရာရှိများ ပါဝင်ပတ်သက်မှုနှင့် ပတ်သက်၍ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပေ။
ပုံစာ-အာဏာလုစစ်အုပ်စုကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ် မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင်တွေ့ရစဉ်(၂၀၂၄)