‎ဧရာဝတီတိုင်းမ်
‎ဇူလိုင် ၇ရက်

ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်၊ စက်ဒေါင့်ကြီးကျေးရွာဘက်သို့ လက်နက်ခဲယမ်း၊ ရိက္ခာများနှင့် လူနာများ သယ်ယူပို့ဆောင်ခြင်းကို ရွေးတုအစိုးရစစ်တပ်က ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရ သည်။

ပြီးခဲ့သည့် ဇူလိုင် ၃ ရက်တွင် ရွေးတုအစိုးရစစ်တပ်၏ လက်နက်ခဲယမ်းများ တင်ဆောင်လာသည့် မော်တော် ယာဉ်တစ်စီး စက်ဒေါင့်ကြီးသို့ ရောက်ရှိလာပြီးနောက် ဘုရားကြီးဘက်သို့ ဆက်လက် ကူးသန်း သယ်ဆောင်သွားခဲ့သည်။ ထို့အပြင် ဆန်အိတ် ၁၀၀ ခန့်နှင့် ရိက္ခာများကို စက်ဒေါင့်ကြီးသို့ ထပ်မံဖြည့်တင်းခဲ့ပြီး ၎င်းမှတစ်ဆင့် စက်လှေများအသုံးပြုကာ ဘုရားကြီးဘက်သို့ ဆက်လက်ပို့ဆောင် ခဲ့ကြောင်း သိရသည်။

အဆိုပါ ရိက္ခာပို့ မော်တော်ယာဉ်ဖြင့် ဒဏ်ရာရလူနာ သုံးဦးကို ပြန်လည်ခေါ်ဆောင်လာခဲ့ရာ ဒဏ်ရာ ပြင်းထန်သူ ဗိုလ်ကြီးတစ်ဦးမှာ လမ်းအနည်းငယ်သာ လျှောက်နိုင်ပြီး ကျန်လူနာများမှာမူ ထမ်းစင်ဖြင့် သယ်ဆောင်ရသည့် အခြေအနေဖြစ်ကြောင်း သိရသည်။ အဆိုပါ ဒဏ်ရာရလူနာများသည် ကမ္ဘားကြီး ဘက်မှ စက်လှေဖြင့် လာရောက်ပို့ဆောင်ခြင်း ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက ဆိုသည်။

“စစ်တပ် လက်နက်ကြီးထိုင်တဲ့ ဘက်တွေမှာပါ အခြေအနေမလှဘူး။ စက်လှေတွေနဲ့ စက်ဒေါင့်ကြီးတို့ ဘုရားကြီးတို့ကို စစ်သားလူနာတွေ နေ့တိုင်းနီးပါး ရောက်နေတယ်” ဟု မြေပြင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၄ ရက် နံနက်ပိုင်းတွင်လည်း ရွေးတုအစိုးရစစ်တပ်၏ အမိုးဖွင့်ကားအဖြူရောင် တစ်စီးဖြင့် အင်အား ၁၀ ယောက်ဝန်းကျင်ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရိက္ခာများကို သာပေါင်းဘက်မှတစ်ဆင့် သဲဖြူဘက်သို့ ပို့ဆောင်ရန် တက်သွားကြောင်း ထပ်မံသိရသည်။

ရွေးတုအစိုးရစစ်တပ်သည် စက်ဒေါင့်ကြီးကျေးရွာ အပါအဝင် ၎င်းတို့အခြေစိုက်ရာ ရှေ့တန်းစခန်း များသို့ ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းများ ဖြည့်တင်းနေသလို၊ တိုက်ပွဲများကြောင့် ထိခိုက်ဒဏ်ရာ ရရှိသည့် တပ်ဖွဲ့ဝင်များကိုလည်း ရွှေ့ပြောင်းမှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းဖြစ်သည်။

လက်ရှိတွင် ရခိုင်-ဧရာဝတီအစပ်ရှိ ရွေးတုအစိုးရစစ်တပ်၏ ပင်မစခန်းကုန်းများနှင့် ကာကင်းများကို AA နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်များက ဆက်တိုက်သိမ်းယူနေပြီး၊ စစ်တပ်ဘက်မှ အသေအပျောက်နှင့် ဖမ်းဆီးခံရမှုများပြားနေသည့်အတွက် စစ်ကူအင်အားများကို ဆက်တိုက်ပို့ဆောင် နေရ ကြောင်း သိရသည်။

ပုံစာ-ရွေးတုအစိုးရ စစ်တပ် တပ်ဖွဲ့ဝင်များ၊