ဧရာဝတီတိုင်းမ်
ဇူလိုင် ၇ ရက်

သီရိလင်္ကာနိုင်ငံရှိ အကျဉ်းထောင်တစ်ခုမှာ ဇူလိုင် ၆ ရက်က ထောင်တွင်းဆူပူမှုတစ်ခု ဖြစ်ပွားခဲ့ ရာ ထောင်ဝန်ထမ်း ၇ ဦးအပါအဝင် စုစုပေါင်း လူ ၂၆ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကာ ဒါဟာ နှစ်ပေါင်းများစွာအတွင်း အသေအပျောက်အများဆုံး အကြမ်းဖက်မှုဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြော ပါတယ်။

မြို့တော် ကိုလံဘိုမြောက်ပိုင်းက နေဂွန်ဘိုအကျဉ်းထောင်မှာ မူးယစ်ဆေးဝါးဂိုဏ်းနှစ်ခုမှ အကျဉ်း သားအချင်းချင်း ညတွင်းချင်း ဖြစ်ပွားခဲ့တဲ့ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ဓားဒဏ်ရာ၊ သေနတ်ဒဏ်ရာရသူ တွေကို နေဂွန်ဘိုဆေးရုံသို့ အပြေးအလွှား ပို့ဆောင်ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

အစိုးရဆေးရုံအုပ်ကြီး ပုရှ်ပါဂမ်လတ်က ဆေးရုံမှာ ရုပ်အလောင်း ၂၃ လောင်း ရောက်ရှိနေပြီး ဒဏ် ရာရရှိထားတဲ့ အကျဉ်းသားနဲ့ ထောင်ဝန်ထမ်း ၁၀၀ ကျော် ရှိနေတယ်လို့ ပြောပါတယ်။

တရားရေးဝန်ကြီး ဟာရှာနာနာနာယက္ကရာက နောက်ထပ် ၃ ဦး ထပ်မံသေဆုံးသွားတာကြောင့် သေဆုံးသူ စုစုပေါင်း ၂၆ ဦးအထိ ရှိလာပြီလို့ ဆိုပြီး အခုဖြစ်ရပ်အပေါ် အလွန်တုန်လှုပ်ဝမ်းနည်းရကြောင်း ပြောဆိုပြီး အာဏာပိုင်တွေအနေနဲ့ အကျဉ်းထောင်အတွင်းမှ ရန်ဘက်ဂိုဏ်းတွေကို သီးခြားစီ ခွဲထုတ်ဖို့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

“သူတို့က အကျဉ်းသားတွေပဲဖြစ်ဖြစ် မြေအောက်လောကနဲ့ ပတ်သက်သူတွေပဲဖြစ်ဖြစ် အခုအ ချိန်မှာ ကျွန်တော်တို့အတွက် အရေးမကြီးပါဘူး” လို့ ၎င်းက ကိုလံဘိုမြို့မှာ သတင်းထောက်တွေကို ပြော ပါတယ်။

အကျဉ်းသားထောင်ချီ ရှိနေတဲ့ နေဂွန်ဘိုအကျဉ်းထောင်မှာ ဇူလိုင် ၅ ရက် ညနေပိုင်းကတည်းက စတင်ခိုက်ရန်ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ဒီလို ထောင်တွင်းသတင်းတွေ ပြန့်နှံ့သွားပြီးနောက်မှာတော့ ဘေးချင်းကပ်ရပ်အဆောင်က အမျိုး သမီးအကျဉ်းသားတွေဟာ အမိုးပေါ်ကိုတက်ပြီး ၎င်းတို့ကို လွှတ်ပေးဖို့ တောင်းဆိုစဉ် အမိုးတစ်စိတ်တစ် ပိုင်း ပြိုကျခဲ့တာကြောင့် အမျိုးသမီးအချို့ ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

“ဆူပူအကြမ်းဖက်မှုကို ဝင်ရောက်တားဆီးဖို့ ကြိုးစားစဉ် ထောင်ဝန်ထမ်း ၆ ဦး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်၊ ဒီမနက်ပိုင်းမှာတော့ အခြေအနေက ထိန်းမနိုင်သိမ်းမရ ဖြစ်သွားခဲ့တယ်” လို့ ရဲအရာရှိတစ်ဦး က ပြောပါတယ်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ကိုဗစ်-၁၉ ကပ်ရောဂါ အဆိုးရွားဆုံးဖြစ်ပွားနေချိန် သီရိလင်္ကာနိုင်ငံရှိ အခြားအကျဉ်းထောင်တစ်ခုမှာ ထောင်တွင်းဆူပူမှု ဖြစ်ပွားခဲ့လို့ အကျဉ်းသား ၁၁ ဦး သေဆုံးပြီး ၁၁၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

တရားဝင် အချက်အလက်တွေအရ ဇူလိုင် ၅ ရက်နေ့အထိ သီရိလင်္ကာနိုင်ငံရှိ အကျဉ်းထောင် တွေမှာ အကျဉ်းသား စုစုပေါင်း ၄၁,၂၅၀ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ဒါဟာ အကျဉ်းထောင်တွေရဲ့ လက်ခံနိုင်တဲ့ ပမာဏထက် ၄ ဆခန့် ပိုမိုများပြားနေပါတယ်။

ကိုးကား – AFP
Ref; 26 killed, more than 100 injured in gang clashes at Sri Lanka prison