နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၇ ရက်
မြန်မာ့အရေးနှင့် ပတ်သက်၍ အာဏာသိမ်းစစ်အုပ်စုဘက်သို့ ပုံအောရပ်တည်သွားနိုင်သဖြင့် တရုတ် အစိုးရကို စိတ်လိုက်မာန်ပါ မတုံ့ပြန်ဘဲ မဟာဗျူဟာမြောက် ချဉ်းကပ်သွားနိုင်ရန် ဆွေးနွေးလျက် ရှိကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) အဖွဲ့ဝင်များထံက သိရသည်။
စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရ၏ ရက် ၁၀၀ စီမံချက်ကို နိုင်ငံရေးအရ တုံ့ပြန်လိုက်သော နိုင်ငံရေးလက်နက်ဖြစ်သည့် ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံများဆိုင်ရာ အခြေခံဥပဒေ (AFTA) သုညမူကြမ်း ပြီးစီးသွားခြင်းအပေါ် အသိပေးရှင်းလင်းရာတွင် NUCC က ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“တရုတ်ရဲ့ ကြားဝင်စွက်ဖက်နေမှုတွေ၊ ညီတော်နောင်တော်တွေအပေါ် အတင်းအကျပ် ဖိအားပေးပြီး တိုက် တာရပ်၊ နေပြည်တော်သာ သွားကြဆိုတာမျိုး လုပ်နေတာကို သိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး မဟာဗျူဟာကျကျ ဘယ်လိုချဉ်းကပ်မလဲဆိုတဲ့ နည်းလမ်းတွေ ဆွေးနွေးနေတာ ရှိပါတယ်” ဟု NUCC အဖွဲ့ဝင် ဦးတိုးကျော်လှိုင်က ပြောသည်။
NUCC သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပူးတွဲရေးဆွဲနေသော AFTA Zero draft ပြီးစီးခြင်းကို ဇူလိုင် ၅ ရက်နေ့က အသိပေး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ယခုကဲ့သို့ ပြောကြားချက်မှာ ဧရာဝတီတိုင်းမ် သတင်းဌာန၏ မေးမြန်းမှုအပေါ် ၎င်းက ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

“တရုတ်ကို မှန်တာပြောရရင် သင်ခန်းစာပေးချင်တာ၊ ဒါက ဒဲ့ပြောတာ၊ နည်းနည်းဆုံးမလိုက် ချင်တာပေါ့။ ဒါပေမယ့် အဲဒီလိုမျိုး မရဘူး။ စိတ်လိုက်မာန်ပါ စဉ်းစားလိုက်ရင် စစ်တပ်ဘက်ကို ပုံအောပြီး ရပ်လိုက်တာမျိုး ဖြစ်သွားရင် ကျွန်တော်တို့ပဲ ပိုပြီးအထိနာမယ်” ဟု ဦးတိုးကျော်လှိုင်က ဆိုသည်။
ထိုအချက်သည် ရွေးတုအစိုးရစစ်တပ်ကို အထိနာစစ်ရှုံးစေခဲ့သော ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင် ခဲ့သည့် ရှမ်းမြောက်ညီနောင်မဟာမိတ်အဖွဲ့များထံမှ ရရှိထားသည့် သင်ခန်းစာ တစ်စိတ်တစ်ပိုင်း လည်းဖြစ်ပြီး ထို့ကြောင့် တရုတ်အစိုးရအား စိတ်လိုက်မာန်ပါ စဉ်းစားမှုထက် မဟာဗျူဟာမြောက် ချဉ်းကပ်ရန် ဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းမတိုင်မီ တရုတ်အစိုးရနှင့် ထိတွေ့မှုသည် ၁၀၂၇ စစ်ဆင်ရေးကာလအထိ NUCC အကြား တိုက်ရိုက်ဆက် ဆံမှုများရှိခဲ့ပြီး နိုင်ငံတွင်း မတည်ငြိမ်မှု၏ စတင်မြစ်ဖျားခံရာမှာ စစ်အာဏာသိမ်းမှု ကြောင့် ဖြစ်သည်ဆိုခြင်းကို နိုင်ငံရေးအရ တရုတ်အစိုးရ လက်ခံနားဝင်အောင် ဆက်လက်ကြိုးပမ်း သွားမည်ဖြစ်ကြောင်း သိရသည်။
“စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြည်သူလူထုရဲ့ ထောက်ခံယုံကြည်မှု ရထားတဲ့လူ မဟုတ်ပါဘူး။ တရုတ်လိုချင်တဲ့ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုကိုလည်း အာမခံနိုင်တဲ့ လူမျိုးမဟုတ်ဘူး။ သူရှိ နေသရွေ့ ဒီလိုပဲ မတည်ငြိမ်မှု၊ မငြိမ်းချမ်းမှုတွေ ဖြစ်နေလိမ့်မယ်” ဟု NUCC အဖွဲ့ဝင် ဦးတိုးကျော်လှိုင် က ထောက်ပြပြောဆိုသည်။
လက်ရှိတွင် မြန်မာ့အိမ်နီးချင်း တရုတ်အစိုးရသည် ၎င်းတို့၏ အကျိုးစီးပွားအတွက် အာဏာသိမ်း စစ်အုပ်စုကို ထောက်ခံ၍ ပြည်သူနှင့် နိုင်ငံတကာက လက်ခံခြင်းမရှိသည့် ၂၀၂၅ ခုနှစ် အတုအယောင် ရွေးကောက်ပွဲဖြစ်မြောက်ရေး ကူညီခဲ့ပြီး ထိုမှတစ်ဆင့် ပေါ်ပေါက်လာသော ရွေးတုလွှတ်တော်၊ ရွေးတုအစိုးရနှင့် ရွေးတုသမ္မတတို့အား တရားဝင်မှု ရရှိစေရန်၊ နိုင်ငံတကာ အရေးယူဒဏ်ခတ် ပိတ်ဆို့မှုများမှ လွတ်မြောက်ကာ အသိအမှတ်ပြုမှုရရှိရေး နောက်ကွယ်မှ ဆက်လက်ကူညီ ပေးလျက်ရှိသည်။
ဓာတ်ပုံ – Ayeyarwaddy Times