ဧရာဝတီတိုင်းမ်
ဇူလိုင် ၇ ရက်
ဧရာဝတီတိုင်း၊ သာပေါင်းနှင့် ရေကြည်အစပ်တို့ရှိ ဘုရားကြီး၊ ဝါးတောကွင်းနှင့် ကမ္ဘားကြီး စသည့် ရှေ့တန်းစခန်းများမှ ရွေးတုအစိုးရစစ်တပ် တပ်ဖွဲ့ဝင်များ စခန်းမှ စွန့်ခွာထွက်ပြေးမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ဘုရားကြီးရှေ့တန်းစခန်းမှ စစ်သားများသည် ပြီးခဲ့သည့် ဇွန် ၂၇ ရက်နှင့် ၂၈ ရက်နေ့များတွင် ၁၀ ယောက်တစ်စု၊ သုံး ယောက်တစ်စုစသည်ဖြင့် စုဖွဲ့ကာ ဆက်တိုက်ထွက်ပြေးခဲ့ကြသည်။ ထိုသို့ ထွက်ပြေသူများအနက် ပြန်လည်ဖမ်းဆီးရမိပြီးသူများကို သာပေါင်းရဲစခန်းတွင် ချုပ်နှောင်ထားရှိကာ ရှေ့တန်းစခန်းများသို့ ပြန်လည်စေလွှတ်ရန် စီစဉ်နေကြောင်း သိရသည်။
ထို့အပြင် ပြီးခဲ့သည့်ရက်ပိုင်းကလည်း အဆိုပါရှေ့တန်းစခန်းများမှ ထွက်ပြေးသွားသော စစ်တပ် တပ်ဖွဲ့ဝင် နှစ်ဦးကို ရေကြည်မြို့တွင် ရဲများက ဖမ်းဆီးရမိခဲ့ပြီး စက်ဒေါင့်ကြီးစခန်းသို့ ပြန်လည် ပို့ဆောင်ခဲ့သည်။
ထိုသို့ ပြန်လည်ဖမ်းဆီးခံရစဉ် ရွေးတုအစိုးရစစ်တပ်မှ ဗိုလ်ကြီးကိုယ်တိုင် စက်ဒေါင့်ကြီးစခန်း ဆိပ်ကမ်းရှိ ဓာတ်တိုင်တွင် ကြိုးတုပ်ထားကာ ရိုက်နှက်ခဲ့ပြီးနောက် အခြားစစ်သားအချို့ကလည်း ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ဆိုသည်။
”လူမြင်ကွင်းမှာ နှိပ်စက်တာ။ ထွက်ပြေးတုန်းက လက်နက်တွေ ပါသွားပြီး ပြန်ဖမ်းတော့ လက်နက် မပါတော့ဘူးလို့ ပြောတယ်။ တခါတည်း သတ်ဖို့ ရည်ရွယ်ပေမယ့်အများရှေ့ သက်သေဖြစ်မှာ မို့ထင်တယ်။ ဘုရားကြီးဘက်ခေါ်သွားတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထိုသို့ ရိုက်နှက်နှိပ်စက်မှုကို ပြည်သူများ အများအပြား မြင်တွေ့ခဲ့ကြရပြီး ပြည်သူများရှေ့မှောက် တွင်ပင် ထိုသို့ ကြိုးတုပ်ရိုက်နှက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဖမ်းဆီးရမိသူများကို ဘုရားကြီးရှေ့တန်းစခန်းသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်းနှင့် ၎င်းတို့မှာ အသတ်ခံရနိုင်ခြေရှိကြောင်း သိရသည်။
ပုံစာ-ဖမ်းဆီးရမိသည့် ရွေးတုအစိုးရစစ်တပ် တပ်ဖွဲ့ဝင်များ(ပုံဟောင်း)