ဧရာဝတီတိုင်းမ်
ဇူလိုင် ၇ ရက်

နေတိုးထိပ်သီးအစည်းအဝေး မစတင်မီတစ်ရက်အလို တနင်္လာနေ့မှာ ရုရှားက ယူကရိန်းမြို့တော် ကိယက်ဗ်ရှိ လူနေတိုက်ခန်းတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အနည်းဆုံး လူ ၂၄ ဦး သေဆုံးသွားတယ်လို့ ယူကရိန်းအာဏာပိုင်တွေက ပြောပါ တယ်။

ဒီတိုက်ခိုက်မှုဟာ ကိယက်ဗ်မြို့တော်မှာ လူ ၃၀ ကျော် သေဆုံးခဲ့ရတဲ့ ရုရှားရဲ့ အခြားတိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ ထပ်မံပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ယူကရိန်းသမ္မတ ဇီလန်စကီးက အခုလို ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချ လိုက်ပြီး ယူကရိန်းပြည်သူတွေနဲ့ ယူကရိန်းနိုင်ငံအပေါ် နာကျင်မှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေ တတ်နိုင်သမျှ အ များဆုံးဖြစ်အောင် လုပ်ဖို့ဆိုတဲ့ ရုရှားရဲ့ မဟာဗျူဟာကတော့ ပြောင်းလဲခြင်း မရှိသေးပါဘူးလို့ ဆိုပါ တယ်။

တူရကီနိုင်ငံမှာ ပြုလုပ်မယ့် နေတိုးထိပ်သီးအစည်းအဝေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိနေတဲ့ ဇီလန်စကီးက ရုရှားရဲ့ ပဲ့ထိန်းဒုံးကျည်ရန်ကနေ ကာကွယ်ဖို့ ယူကရိန်းရဲ့ လေ ကြောင်းရန်ကာကွယ်ရေးစနစ်ကို မြှင့်တင်ပေးကြဖို့ နေတိုးအဖွဲ့ကို တောင်းဆိုထားပါတယ်။

ကိယက်ဗ်မြို့တော်အနေနဲ့ ရုရှားရဲ့ ဒရုန်းတွေနဲ့ ခရုစ်ဒုံးကျည်တွေကို ပစ်ချဖျက်ဆီးရာမှာ အောင် မြင်မှုရှိပေမယ့်၊ ကြားဖြတ်ရခက်ခဲတဲ့ ပဲ့ထိန်းဒုံးကျည်တွေကို ခုခံဖို့အတွက်တော့ လုံလောက်တဲ့ ကာကွယ် ရေးပစ္စည်းတွေ မရှိသေးဘူးလို့ ၎င်းက ပြောပါတယ်။

တူရကီမှာ ပြုလုပ်မယ့် နေတိုးထိပ်သီးအစည်းအဝေးကနေ ယူကရိန်းရဲ့ လေကြောင်းရန်ကာကွယ် ရေးစနစ်အတွက် ထိရောက်တဲ့ ဆုံးဖြတ်ချက်တွေ ထွက်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။

နေတိုးအဖွဲ့အကြီးအကဲ မာ့ခ်ရုတေးက မဟာမိတ်တွေ၊ နေတိုးမိတ်ဖက်နိုင်ငံတွေက ယူကရိန်းလို အပ်တာတွေ ရရှိစေဖို့ ဆက်လက်လုပ်ဆောင်ပေးရမယ်လို့ အန်ကာရာမြို့မှာ ပြောကြားခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် မြို့တော်ကိယက်ဗ်မှာ လူ ၁၆ ဦး သေဆုံးခဲ့ပြီး ဗီရှ်ညက်ဗ်မြို့မှာတော့ နောက်ထပ် လူ ၈ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ပေါင်း ၁၀၀ ကျော်ရှိတယ်လို့လည်း တာဝန်ရှိသူ တွေက ဆိုပါတယ်။

ရုရှားက ပဲ့ထိန်းဒုံးကျည်တွေကို အသုံးပြုပြီး တစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခဲ့ တာဖြစ်လို့ အမေရိကန်ထုတ် ပက်ထရီယော့ လေကြောင်းရန်ကာကွယ်ရေးစနစ်အတွက် ဒုံးကျည်တွေ ပေးပို့ကြဖို့ မဟာမိတ်တွေကို ယူကရိန်းက တောင်းဆိုနေတာပါ။

အခုတိုက်ခိုက်မှုမှာ ရုရှားဟာ ပဲ့ထိန်းဒုံးကျည် အများအပြား အပါအဝင် ဒုံးကျည် ၆၈ စင်းနဲ့ တိုက် ခိုက်ရေးဒရုန်း ၃၅၁ စင်းအထိ အသုံးပြုခဲ့တယ်လို့ ဇီလန်စကီးက ပြောပါတယ်။

ကိုးကား – AFP
Ref; Russian missile and drone strikes kill 24 in Kyiv ahead of NATO summit