ဧရာဝတီတိုင်းမ်
ဇူလိုင် ၇ ရက်
ပြင်သစ်နိုင်ငံအရှေ့မြောက်ပိုင်းက နာမည်ကြီး Lalique ဖန်ချက်လုပ်ငန်းပြတိုက်မှာ တနင်္ဂနွေနေ့ မနက်ပိုင်းက သူခိုးတွေ ဝင်ရောက်ခိုးယူခဲ့လို့ ယူရို ၄ သန်းနီးပါးတန်ဖိုးရှိ လက်ဝတ်ရတနာတွေ ဆုံးရှုံးသွား တယ်လို့ Le Parisien သတင်းစာက ဖော်ပြပါတယ်။
မျက်နှာဖုံးစွပ်ထားတဲ့ သံသယရှိသူအချို့ဟာ တံခါးကို အဓမ္မတွန်းဖွင့်ဝင်ရောက်ပြီး မှန်ပြကွက် ၆ ခုကို ရိုက်ခွဲကာ လက်ဝတ်ရတနာ ၂၀ ခုကို ယူဆောင်ထွက်ပြေးသွားကြတာပါ။
ပြတိုက်တာဝန်ရှိသူတွေက ပျက်စီးဆုံးရှုံးမှုတွေကို စစ်ဆေးပြီး လုံခြုံရေးတိုးမြှင့်ဖို့အတွက် ပြတိုက် ကို လာမယ့်ရက်ပိုင်းအတွင်း ခေတ္တပိတ်ထားမယ်လို့ ပြောပါတယ်။
“ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးသွားပြီး စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေပါ တယ်” လို့ ပြတိုက်ဘက်က X လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်ထားပါတယ်။
ဝင်းဂန်းဆူးမိုဒါမြို့တော်ဝန် ခရစ်ရှန်ဒေါ့ရှ်နာက သူခိုးတွေဟာ လက်ဝတ်ရတနာတွေရှိတဲ့နေရာ ကို တန်းစီဦးတည်သွားတာကြောင့် ပြတိုက်အခြေအနေကို ကောင်းစွာသိထားပုံရတယ်လို့ ဆိုပါ တယ်။
ပြတိုက်ရဲ့ အချက်ပေးစနစ်က ကောင်းမွန်စွာ အလုပ်လုပ်ခဲ့ပေမယ့် လုံခြုံရေးကုမ္ပဏီဘက်က ရဲ တပ်ဖွဲ့ဆီ ချက်ချင်းအကြောင်းမကြားခဲ့မိဘူးလို့လည်း ၎င်းက ပြောပါတယ်။
အာဏာပိုင်တွေက စောင့်ကြည့်ကင်မရာ (CCTV) မှတ်တမ်းတွေကို ပြန်လည်စစ်ဆေးနေပြီး ဘာ ရိုင်းဒေသဆိုင်ရာ ရဲတပ်ဖွဲ့ရဲ့ ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဌာနက စစ်ဆေးနေပါတယ်။
၂၀၂၅ ခုနှစ် အောက်တိုဘာလက လူဗာပြတိုက်မှာ ဒေါ်လာ ၁၀၂ သန်းဖိုးခန့် ရတနာတွေ ခိုးယူခံခဲ့ ရဖူးတာကြောင့် Lalique ပြတိုက်ကိုလည်း လုံခြုံရေးအားနည်းတဲ့ စောင့်ကြည့်စာရင်းထဲ ထည့်သွင်းပြီး အထူးကြပ်မတ်ထားတဲ့ကြားကပဲ အခုလို ထပ်မံခိုးယူခံလိုက်ရတာပါ။
ကိုးကား – Anadolu
Ref; Thieves steal millions of euros worth of jewelry from France’s Lalique Museum: Report