
ကျုံပျော်မှာ လောင်းကစားဝိုင်းကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးရာက အမျိုးသားတစ်ဦးသေဆုံး
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၅ ရက်
ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့၊ ခဲပေါင်တံတားအနီးက ဆန်စက်၀န်းထဲမှာစက်တင်ဘာ၁၁ရက်နေ့ညနေပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးဦးဆောင်တဲ့လောင်းကစားဝိုင်းပြုလုပ်နေစဥ်စစ်ကောင်စီတပ်ဖွဲ့၀င်တွေက သေနတ်နဲ့ပစ်ခတ်ပြီးဖမ်းဆီးရာကအမျိုးသားတစ်ဦး သေနတ်ထိမှန်သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
“ဆန်စက်၀န်းထဲမှာ လောင်းကစားဝိုင်းက ပေါ်တင်လုပ်နေတာ။ လာပြီးဦးဆောင်ပေးနေတာကတောချောင်းအုပ်စုအုပ်ချုပ်ရေးမှုး ဖိုးတုတ်။ အကုန်ပိုင်တယ်ပြောတယ်။ သိန်းထောင်ချီလောင်းကြတာ။ ရိုးရိုးရဲတပ်သားနယ်ထိန်းတောင် တစ်ခါပေးရင် ၃သောင်းလောက်ပေးရတယ်။ စစ်တပ်နဲ့ ဘာမပြေလည်လည်းမသိ အင်အားအများကြီးသုံးပြီးသေနတ်နဲ့ပစ်ပြီး၀င်တာ။
အဲ့ထိသွားတဲ့လူက သေနတ်မှန်ပြီး ချောင်းထဲကျသွားတာ “လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
သေနတ်ထိမှန် သေဆုံးသွားသူဟာ ကျုံပျော်မြို့၊
အောင်ဆန်းရပ်ကွက်နေ အသက် ၄၅ နှစ်အရွယ် ကိုမြင့်ခိုင်ဆိုသူဖြစ်ပြီး သေနတ်ကျည်ဆံထိမှန်ကာ ချောင်းထဲသို့ပြုတ်ကျသေဆုံးခဲ့ပြီး စက်တင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းမှာ ချောင်းထဲမှာ အလောင်းပြန်ရတယ်လို့ ဒေသခံတွေဆီနေ သိရပါတယ်။
” အဲ့ လောင်းကစားဝိုင်းကကျုံပျော်မြို့ အုပ်ချုပ်ရေးပိုင်း၊ ရဲ ၊ စစ်တပ်အကုန်ပေးပြီးလုပ်နေတာ ခုကိစ္စက စရဖ က သူတို့အတွက် လိုင်းကြေးမရလို့ တစ်ခြားတပ်နဲ့ရဲတွေခေါ်ဖမ်းတာ လို့သိရတယ်” လို့ ကျုံပျော်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးစဥ်မှာ အုပ်ချုပ်ရေးမှူးဖိုးတုတ်၊ ဆန်စက်ပိုင်ရှင်မောင်အုံး၊ အမျိုးသား ၃၀ ဦးကိုဖမ်းဆီးသွားပြီး ဆိုင်ကယ်အစီး ၂၀ ၊ကား ၃ စီး ၊ လောင်းကစားသူများဆီက ရွှေလက်စွပ်၊ ဆွဲကြိုးများအပြင် လောင်းကစားငွေ
သိန်းတစ်ထောင်ကျော်ကိုပါ ယူဆောင်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
#ကျုံပျော် #လောင်းကစားဝိုင်း #ပစ်ခတ်ဖမ်းဆီး #သေဆုံး
#Ayeyarwaddy_Times