ကျောက်ပန်းတောင်းတွင် အဝေးပြေး Express ကား ၂ စီး ခေါင်းချင်းဆိုင်တိုက်မှုကြောင့် လူ ၁၁ ဦးထက်မနည်း သေဆုံး

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၄ ရက်

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း အဝေးပြေး Express ကား ၂ စီး ယနေ့ည ၉ နာရီဝန်းကျင်က ခေါင်းချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်နှင့်ကားသမားများအပါအဝင် အနည်းဆုံး လူပေါင်း ၁၁ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

မိတ္ထီလာ – ကျောက်ပန်းတောင်းကားလမ်းပေါ်၌ ကုန်ကားတစ်စီးကို သန်မြန်သူ အဝေးပြေးကားက ဝင်တိုက်ပြီးနောက် မျက်နှာချင်းဆိုင်မှလာသော ပုဂံမင်းသားအဝေးပြေး Express ကားကို ထပ်မံ ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးသည်တင် Express ကား ၂ စီးတို့ မျက်နှာချင်း ဆိုင်တိုက်မှုဖြစ်ပွားခဲ့သဖြင့် အဝေးပြေးကား ၂ စီးစလုံးမှ ယာဉ်မောင်းများအပါအဝင် လူပေါင်း ၁၁ ဦး ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“အဝေးပြေးကား သန်မြန်သူနဲ့ ပုဂံမင်းသားကား ၂ စီး ခေါင်းချင်းဆိုင်တိုက်တာပါ။ လောလောဆယ် အလောင်း ၁၁ လောင်း တွေ့ထားတယ်။ ကားသမားတွေအပါအဝင် ၁၁ ယောက် သေတယ်။ ပုဂံမင်းသားက ညနေက ငါ့သရောက်ကထွက်တဲ့ကားလို့သိရတယ်။ ကျနော်တို့ သိသမျှတော့ ဒီယာဉ်တိုက်မှုက ကျောက်ပန်းတောင်းမှာ အဆိုးရွားဆုံးပဲ”ဟု

ကျောက်ပန်းတောင်းမြို့မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အခြားဒေသခံတဦးက ” အဲ့ဒီပုဂံမင်းသားက ငါ့သရောက် ကနေ ၃ နာရီခွဲလောက်ထွက်တာ၊ ကျောက်ပန်းတောင်းကို ည ၇ နာရီလောက်ရောက်ပြီး ကုန်တင်လူတင်နဲ့ အဲ့နားကို အဲ့ချိန်လောက်ရောက်ပြီးဖြစ်တာ ရန်ကုန်ကိုသွားမယ့်ကား” ဟု ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင် အဆိုပါယာဉ်တိုက်မှုဖြစ်ပွားရာနေရာသို့ သုဂတိရှင်အပါအဝင် လူမှုကူညီရေးအသင်းများက လူနာတင်ကားများ၊ အလောင်းသယ်ဆောင်သည့်ကားများဖြင့် ကူညီမှုများပြုလုပ်ပေးနေကြောင်း သိရသည်။

#AyeyarwaddyTimes