ဧရာဝတီတိုင်းမ်
(ကလေး)၊ ဇူလိုင် ၆ ရက်

 

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဆိုင်ကယ်လုယက်နေသည့် အာဏာသိမ်းစစ်တပ်၏ တပ်သား သုံးဦးကို ရပ်ကွက်လုံခြုံရေးအဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

အဆိုပါ တပ်သားများသည် ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့၊ ည ရှစ်နာရီဝန်းကျင်တွင် ကလေးမြို့ တပ်ဦးသီတာရပ်ကွက်တွင် ဆိုယ်ကယ်လုယက်နေစဥ် လုံခြုံရေးဆောင်ရွက်နေသည့် ပြည်သူများက ဖမ်းဆီးရမိခြင်းဖြစ်သည်။

 

“စစ်သား သုံးယောက် အရပ်ဝတ်တွေနဲ့ ရပ်ကွက်ထဲမှာ ညဘက် ဆိုက်ကယ်လုတာပါ။ အဲမှာ ရပ်ကွက်နေ ပြည်သူတွေ၊ ရပ်ကွက်လုံခြုံရေးအဖွဲ့တွေက လမ်းတွေ ပိတ်ဆို့ပြီး ဖမ်းမိတာပါ”ဟု ကလေးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တပ်ဦးသီတာရပ်ကွက်ရှိ လူပြတ်သည့် နေရာများတွင် ညဘက်တွင် ဆိုင်ကယ်လုယက်မှုနှင့် အနုကြမ်းစီးမှုများ မကြာခဏ ဖြစ်ပွါးနေသည့်အတွက် ရပ်ကွက်လုံခြုံရေးအဖွဲ့ ဖွဲ့စည်းကာ ကင်းလှည့်လှည်မှုများပြုလုပ်နေရကြောင်း သိရသည်။

 

ဖမ်းဆီးရမိသည့် တပ်သား သုံးဦးသည် ကလေးမြို့အခြေစိုက် ထောက်ပို့တပ်ရင်းမှဖြစ်ပြီး ၎င်းတို့ကို ဖမ်းဆီးရမိစဥ်တွင် စစ်ယူနီဖောင်းနှင့် လက်ထိတ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

“သူတို့က KTV သွားဖို့ အပြင်ထွက်လာတာ ပြောပေမဲ့ သူတို့ပြောတဲ့နေရာမှာ ဘယ် KTV မှ မရှိဘူး။ ကျတော်တို့ သူတို့ထောက်ပို့တပ်ရင်းကို ပြန်ပို့်တယ်။ ဘယ်လိုအရေးယူမလဲ မသိရသေးဘူး”ဟု ကလေးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အဆိုပါ တပ်သား သုံးဦး၏ ဓာတ်ပုံများ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့သွားပြီး ယခင်က ဆိုင်ကယ်လုယက် ကျူးလွန်ခံရသူများသည် ၎င်းတို့ကို မှတ်မိသဖြင့် အမှုဖွင့် တိုင်ကြားလာသူများလည်း များပြားနေကြောင်း သိရသည်။