ဧရာဝတီတိုင်းမ်
ဇူလိုင် ၆ ရက်
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း တော်လှန်ရေးအမည်ကို အလွဲသုံးစားပြု၍ ပြည်သူလူထုထံမှ ငွေကြေးအတင်းအဓမ္မ တောင်းခံခြင်းနှင့် ဖမ်းဆီးငွေညှစ်ခြင်းများ လုပ်ဆောင်နေသည့် အခွင့်အရေး သမား ရာဇဝတ်ကောင်များကို ပြတ်ပြတ်သားသား ဖမ်းဆီးအရေးယူ နှိမ်နင်းသွားမည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ယမန်နေ့ ဇူလိုင် ၅ ရက်နေ့စွဲဖြင့် သတိပေး ထုတ်ပြန်ထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ရှိ ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးအဖွဲ့အစည်းများသည် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စံနှုန်းများ (Code of Conduct) ကို လိုက်နာစောင့်ထိန်းနေကြသော်လည်း လက်ရှိတွင် တော်လှန်ရေးကို အကာအကွယ်ယူကာ ကိုယ်ကျိုးရှာနေသည့် ရာဇဝတ်ဂိုဏ်းအချို့ ရှိနေကြောင်း စိစစ်တွေ့ရှိရသည်ဟု ညောင်ဦးပကဖ က ဆိုသည်။
အဆိုပါ ရာဇဝတ်ကောင်များသည် ညောင်ဦးမြို့နယ်အတွင်းရှိ ပြည်သူများကို ဖမ်းဆီးငွေတောင်းခြင်း၊ စီးပွား ရေးလုပ်ငန်းရှင်များကို ဖုန်းဖြင့် ခြိမ်းခြောက်ငွေညှစ်ခြင်း စသည့် တရားမဝင်လုပ်ရပ်များကို ကျူးလွန်နေကြပြီး တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေရုံသာမက တော်လှန်ရေးအပေါ် ပြည်သူ လူထု၏ ယုံကြည်မှု ကျဆင်းစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြောင်း သိရသည်။
“ကျွန်တော်တို့ အနေနဲ့ ထုတ်ပြန်ချက်တွေ ခဏခဏ ထုတ်ပြန်ရခြင်းမှာ ရာဇဝတ်မှု့ ကျူးလွန်တဲ့ အဖွဲ့အစည်းတွေကို ဖမ်းဆီးအရေးယူတဲ့အခါ ပြည်သူများအနေနဲ့ အထင်အမြင် လွဲမှားမည်ကို စိုးရိမ်သဖြင့် ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်” ဟု တာဝန်ခံကိုဇီးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့ပြင် NUG လမ်းညွှန်ချက်များကို ဖောက်ဖျက်ပြီး ပြည်သူကို ဒုက္ခပေးနေသော အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်မှန်သမျှကို စစ်အာဏာရှင်နည်းတူ “တော်လှန် ရေးနှင့် ပြည်သူလူထု၏ ရန်သူ” ဟု သတ်မှတ်ကာ တည်ဆဲဥပဒေများ၊ စစ်ဘက်ဆိုင်ရာ ဥပဒေများနှင့်အညီ ပြတ်ပြတ်သားသား နှိမ်နင်းသွားမည်ဟု ညောင်ဦး ပကဖ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြေပြင်တွင် တရားဥပဒေစိုးမိုးရေးအတွက် စည်းကမ်းမဲ့ ရာဇဝတ်ဂိုဏ်းများကို နှိမ်နင်းဖမ်းဆီး သည့်အခါ မိဘပြည်သူများအနေဖြင့် “တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်း တိုက်ခိုက်ခြင်း” ဟု မှတ်ယူခြင်းမပြုဘဲ “ပြည်သူ့အပေါ် ပြစ်မှုကျူးလွန်သည့် ရာဇဝတ်ကောင်များကို အရေးယူခြင်း” ဖြစ်သည်ကို သဘောပေါက်နားလည်ပေးရန်လည်း အထူးမေတ္တာ ရပ်ခံထားသည်။
ယခုလို ထုတ်ပြန်ရခြင်းမှာ အခြားဒေသများမှ သတင်းအမှားများကြောင့် လူထုအတွင်း အထင်အမြင် လွဲမှားမှု မရှိစေရန်အတွက် အခြေအနေမှန်ကို ပွင့်လင်းမြင်သာစွာ အသိပေးရခြင်းဖြစ်ကြောင်း ညောင်ဦးမြို့နယ် ပကဖ တာဝန်ခံ ကိုဇီးကဆိုသည်။
ဓာတ်ပုံ-ညောင်ဦးပကဖ တပ်ဖွဲ့ဝင်များကို NUG က လက်နက်တပ်ဆင်ပေးစဉ်(ပုံဟောင်း)