ဧရာဝတီတိုင်းမ်
ဇူလိုင် ၆ ရက်
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့ပေါ်ရှိ ရွေးတုအစိုးရစစ်တပ်၏ အထိုင်ချဂိတ်စခန်းတစ်ခုကို ပြီးခဲ့သည့် ဇူလိုင် ၂ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပေါင်းတည် မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF-၃၆၀၁ တပ်ရင်း) က ထုတ်ပြန်ထားသည်။
သဲကုန်းမြို၊ ဆရာအတတ်သင်(၁)လမ်းတွင် အင်အား ၃၀ ဝန်းကျင်ဖြင့် အထိုင်ချတပ်စွဲထားသည့် မြို့အထွက်ရှိလုံခြုံရေးစစ်တပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ခိုက်မှုအတွင်း ရွေးတုအစိုးရ စစ်တပ်မှ တပ်ဖွဲ့ဝင် ငါး ဦး သေဆုံးခဲ့ပြီး နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
“တိုက်ခိုက်နေစဉ်မှာပဲ စစ်တပ်ဘက်ကအင်အား ၄၀ လောက်နဲ့ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ကူရောက်ရှိလာတဲ့အတွက် ကျွန်တော်တို့ပြန်လည်ဆုတ်ခွာပေးခဲ့ရတယ်။ ဆုတ်ခွာတဲ့လမ်းမှာ ရဲဘော် ရန်ကြီးအောင်က နောက်ဆုံးကနေ ကာပစ်ပေးရင်းနဲ့မှ ရဲဘော်ကကျဆုံးခဲ့ရတယ်” ဟု ပြည်ခရိုင် တပ်ရင်း(၁) စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော်ရှဲဒိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကူများရောက်ရှိလာသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ပြန်လည်ဆုတ်ခွာချိန်တွင် တပ်ခွဲ-၁ မှ တပ်စုမှူးဖြစ်သူ ရဲဘော်ရန်ကြီးအောင်မှာ နောက်ဆုံးမှနေ၍ ရန်သူတပ်များကို ခုခံပစ်ခတ်ပေးစဉ် ကျည်ထိမှန်ခဲ့သည့်အတွက် ကျဆုံးခဲ့ရပြီး အခြားရဲဘော်တစ်ဦးလည်း မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါဂိတ်စခန်း၌ စစ်တပ်က အင်အား ၇၀ ဦးဝန်းကျင်ဖြင့် လက်နက်အင်အား၊ လူအင် အားများ တိုးချဲ့ချထားပြီး စစ်ဆေးရေးကိုလည်း တင်းကျပ်စွာလုပ်ဆောင်နေကြောင်း သိရသည်။
အဆိုပါ ဂိတ်စခန်းတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ (၂) ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်တပ်ရင်း(၁)၊ တပ်ရင်းရုံး တပ်ခွဲ-၁၊ တပ်ခွဲ-၄၊ တပ်ခွဲ-၅၊ ပြည်ခရိုင် ပကဖ အထူးတိုက်ခိုက် ရေးအဖွဲ့နှင့် ပြည်ခရိုင်တပ်ရင်း(၂)၊ တပ်ခွဲ-၄ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပုံစာ- ကျဆုံးခဲ့သည့်ရဲဘော်ရန်ကြီးအောင်