ဧရာဝတီတိုင်းမ်
ဇူလိုင် ၆ ရက်
ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးတင်မောင်ဝင်းကို ရွေးတုအစိုးရစစ်တပ်က ဖမ်းဆီးထားကြောင်း နေပြည် တော်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။
အာဏာသိမ်းစစ်အုပ်စု၏ ဝန်ကြီးချုပ်ဟောင်း ဦးတင်မောင်ဝင်းသည် ၎င်း၏ရာထူးသက်တမ်းအတွင်း လုပ်ပိုင် ခွင့်ကို အလွဲသုံးစားလုပ်ကာ ဘီလီယံနှင့်ချီသည့် အဂတိလိုက်စားမှုများရှိခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်အချို့ထံမှအကျိုး အမြတ်နှင့် လာဘ်ငွေများ ရယူခဲ့သည်။
ထို့ပြင် ဧရာ၀တီတိုင်းအတွင်း ဖြစ်ပွားခဲ့သော တရားမဝင် စီးပွားရေးနှင့်ကုန် သွယ်မှုလုပ်ငန်းများကို နောက် ကွယ်မှ အကာအကွယ်ပေးနေသူဖြစ်ကြောင်း တိုင်ကြားမှုများကြောင့် ခေါ်ယူစစ်ဆေးကာ ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဝန်ကြီးချုပ်ဟောင်း ဦးတင်မောင်ဝင်းသည် ၎င်း၏သားဖြစ်သူ ရေတပ်ဗိုလ်ကြီး ရဲထွန်းဝင်း ရခိုင်ပြည်နယ် ကျောက်ဖြူရေတပ်ဌာနမှ ထွက်ပြေးလာသည်ကို ဦးပိုင်တွင် သွင်းထားခြင်များရှိသည်။
ယင်းအပြင် ဧရာဝတီဝန်ကြီးချုပ်တာဝန်ထမ်းဆောင်စဥ်က ဘီလီယံပေါင်းများစွာ အဂတိလိုက်စားမှုအပြင် ရခိုင်ကုန်စည်ပို့ဆောင်မှုနှင့်ပတ်သက်ဆက်နွယ်နေခြင်းတို့ကြောင့် လက်ရှိဧရာဝတီတိုင်းအစိုးရအဖွဲ့ဝန်ကြီးတစ်ဦးက ရွေးတုအစိုးရ ဒုသမ္မတဦးညိုစော ထံတိုင်ကြားသည့်အတွက် ခေါ်ယူစစ်ဆေးခံနေရကြောင်း သိရသည်။
“သူ့ကို လုပ်ပိုင်ခွင့်အလွဲသုံးစားလုပ်မှု၊ အဂတိမှုတွေအပြင် တရားမဝင်ကုန်သွယ်မှုတွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားတွေနဲ့ ဖမ်းဆီးစစ်ဆေးနေတာ ဖြစ်တယ်”ဟု ဝန်ကြီးချုပ်ဟောင်းဦးတင်မောင် ဝင်းနှင့်နီးစပ်သည့် အသိုင်းအဝိုင်းက ဧရာဝတီတိုင်းမ်ကို အတည်ပြု ပြောသည်။
သို့သော် ယခုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်တပ်ဘက်ကမူ တစ်စုံတစ်ရာ တရားဝင် ထုတ်ပြန် ကြေညာခြင်း မရှိသေးပေ။

ဦးတင်မောင်ဝင်းသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်း စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသူဖြစ်ကာ ပြီးခဲ့သည့် ကာလအပိုင်းအခြားအတွင်း ဝန်ကြီးချုပ်ရာထူးမှ အနားပေးကာ ပြောင်းလဲတာဝန်ပေးခြင်း ခံခဲ့ရပြီးနောက် ယခုကဲ့သို့ အဂတိမှုများဖြင့် အရေးယူခံရခြင်း ဖြစ်သည်။
ရွေးတုအစိုးရစစ်တပ်သည် ဧရာဝတီတိုင်းအတွင်း နယ်မြေမပေးရရေးအတွက် ရှေ့တန်းစစ်မြေပြင်သို့ အင်အားအများအပြား စေလွှတ်ကာ ခံစစ်ပြင်ဆင်နေသော်လည်း ဧရာ၀တီ-ရခိုင်းအစပ်ရှိ ၎င်းတို့၏ စခန်းများကို လက်လွတ်ဆုံးရှုံးလျက်ရှိကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားသည်။
ထို့ပြင် ရှေ့တန်းစစ်မျက်နှာအတွက် ရိက္ခာအသည်းအသန် ရှာဖွေဖြည့်ဆည်းပေးနေရသဖြင့် နောက်တန်းရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) ရှိ သက်သာချောင်ချိရေး စျေးဆိုင်များတွင် ကုန်ပစ္စည်းများ လုံးဝဝယ်ယူ၍မရဘဲ ပြတ်လပ်နေကာ တပ်မိသားစုဝင်များ စားဝတ်နေရေး အလွန် ခက်ခဲနေကြောင်း ပုသိမ်သတင်းအထူးတပ်ဖွဲ့ထံမှ သိရသည်။
လက်ရှိ ဧရာဝတီစစ်မြေပြင်တွင် စစ်တပ်ဘက်မှ အရာရှိ(ဗိုလ်) များအပါအဝင် တပ်သားအများအပြား နေ့စဉ်နှင့်အမျှ ကျဆုံးနေသည့်အတွက် တပ်တွင်းဖွဲ့ စည်းပုံများ ဖရိုဖရဲဖြစ်နေပြီး စစ်တပ် တပ်ဖွဲ့ဝင်များအကြား စိတ်ဓာတ်ပိုင်းဆိုင်ရာ အောက်ခြေအထိကျဆင်းနေကြောင်း ရှေ့တန်းနှင့် နီးစပ်သူများက ဆိုသည်။
ထို့အပြင် နတခ လက်အောက်ခံ တပ်ဖွဲ့များအတွင်း လွှတ်တော်တက်ရသည့် (သို့မဟုတ်) ရုံးထိုင်ခွင့်ရသည့် ဗိုလ်မှူးများနှင့် ရှေ့တန်းစစ်မျက်နှာသို့ သွား ရောက်တိုက်ခိုက်နေရသည့် အရာရှိများ၊ နယ်မြေဒေသအသီးသီးတွင် တာဝန်ချထားခံရသည့် အရာရှိများအကြား မကျေနပ်မှုများနှင့် ခွဲခြားဆက်ဆံခံရမှုများကြောင့် အချင်းချင်း မပြေလည်မှုများလည်း ဖြစ်ပွားနေကြောင်း သိရသည်။
ပုံစာ-ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးတင်မောင်ဝင်း