နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၆ ရက်

ခုခံတော်လှန်နေသည့် တော်လှန်ရေးအင်အားစုများအကြား ဖက်ဒရယ်အသွင်ကူးပြောင်းရေးဆိုင်ရာ အခြေခံဥပဒေ နှစ်ခုဖြစ်နေမှုကို သဘောထားကွဲလွဲမှုများ ရှိနေသော်လည်း ပြန်လည်ပေါင်းစပ်နိုင်ရန် တွေ့ဆုံညှိနှိုင်း၍ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ထံက သိရသည်။

လက်ရှိတွင် NUCC အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပူးတွဲရေးဆွဲလျက်ရှိသော ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံများဆိုင်ရာ အခြေခံဥပဒေ (AFTA) သုညမူကြမ်း (AFTA Zero draft) ပြီးစီးသွားပြီဖြစ်ကြောင်း ယမန်နေ့ ဇူလိုင် ၅ ရက်၌ အသိပေးရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။

“အခုအချိန်မှာတော့ အသေးစိတ်ကို ကျွန်တော်တို့တွေထုတ်ပြန်ကြေညာဦးမှာ မဟုတ်သေးပါဘူး။ ဘာကြောင့်လည်းဆို အခုသုညမူကြမ်း ပြီးစီးပေမယ့် ကျွမ်းကျင်သူတွေရဲ့ သဘောထား မှတ်ချက်တွေ ရယူသွားဖို့ ဆောင်ရွက်နေတာ ရှိပါတယ်” ဟု NUCC အဖွဲ့ဝင် ဦးတိုးကျော်လှိုင်က သတင်းမီဒီယာများကို ပြောသည်။

ထို့အပြင် ပြန်လည်ဖြည့်စွက်၊ ပြုပြင်မှုများကို သက်ဆိုင်သူများအကြား နှစ်ကြိမ်တိုင် ပြန်လည်တွေ့ဆုံ၍ လုပ်ဆောင်သွားရန်ရှိပြီး တစ်ဖက်တွင်လည်း သဘောထားကွဲလွဲမှုများကြောင့် AFTA နှစ်ခု ဖြစ်သွား ရမှုအပေါ် ပေါင်းစပ်နိုင်ရေးအတွက် တိုင်းရင်းသားလူမျိုးများကောင်စီ (MEC) နှင့် ပြန်လည်ညှိနှိုင်း သွားမည်ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံကို ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom-up Federalism Approach) ချည်းကပ်မှုဖြင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်သွားရန် MEC က ဖက်ဒရယ်အသွင်ကူးပြောင်းရေးကာလဆိုင်ရာ အခြေခံဥပဒေ (AFTA) မူကြမ်းတစ်ခုကို သီးခြားရေးဆွဲထားကြောင်း သိရသည်။

ယင်း MEC ကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP-AD)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) စသည်တို့အပါအဝင် တော်လှန်ရေးအင်အားစု ၁၂ ဖွဲ့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

“အခုတော့ NUCC ရဲ့ AFTA နဲ့ MEC ရဲ့ AFTA ဆိုပြီး နှစ်ခုဖြစ်နေတာပေါ့။ နှစ်ခုလိုမျိုး ဖြစ်နေပေမယ့်လည်း ကျွန်တော်ခုနက ပြောခဲ့သလိုပါပဲ MEC ရဲ့ AFTA စကတည်းကနေ ၂၀၂၅ အောက်တိုဘာအထိက တစ်ခန်းထဲထိုင်ပြီး အတူတူရေးခဲ့ကြတာ ဖြစ်ပါတယ်” ဟု NUCC အဖွဲ့ဝင် ဦးတိုးကျော်လှိုင်က ဆက်လက်ပြောသည်။

အလားတူ NUCC တွင်လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် MEC အဖွဲ့ဝင် အများစုအပြင် မွန်ပြည်နယ်ဖက်ဒရယ်ကောင်စီ (MSFC)၊ PNFC၊ တအာင်းပြည်ကောင်စီ (TLC) စသည့်အဖွဲ့အစည်းများ ပါဝင်၍ ၎င်းတို့၏ AFTA အား နိဒါန်းမပါဝင်ဘဲ အခန်း ( ၁၃) ခန်းဖြင့် ရေးဆွဲထားကြောင်း သိရသည်။

ယင်းနှစ်ဖွဲ့အကြား အဓိကသဘောထားကွဲလွဲမှုအနေဖြင့် သုံးချက်ရှိနေပြီး၊ ၎င်းတို့မှာ အသွင်ကူးပြောင်းရေးကာလ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ထားရှိခြင်း သို့မဟုတ် မထားရှိခြင်း ဆိုသည့် အချက်များဖြစ်ကာ နှစ်ဖက်တွေ့ဆုံချိန်၌ သေသေချာချာ ညှိနှိုင်းသွားမည်ဖြစ်ကြောင်း NUCC အဖွဲ့ဝင် ဦးတိုးကျော်လှိုင်က ဆိုသည်။

“ဒါတွေက အဓိကကွဲလွဲချက် ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။ ဒါတွေကို ကျွန်တော်တို့တွေ တွေ့ဆုံညှိနှိုင်း တဲ့အခါကျမှပဲ သေသေချာချာ နှစ်ဖက်ပြန်ပြီးတော့ ညှိနှိုင်းရမယ့် ကိစ္စရပ်တွေ ဖြစ်တဲ့အတွက် ဒါတွေနဲ့ ပတ်သက်ပြီး ဘာမှကြိုတင်ပြီး အများကြီးမပြောလိုပါဘူး” ဟု ၎င်းက သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေသည်။

ထို့အတူ လက်ရှိပြီးစီးသွားသော NUCC ၏ AFTA သုညမူကြမ်းသည် အာဏာသိမ်း စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရအား ၎င်းတို့ ရက် (၁၀၀) စီမံချက်အတွင်း နိုင်ငံရေးအရ တုံ့ပြန်လိုက်သော နိုင်ငံရေးလက်နက်ဖြစ်ပြီး မပါဝင်သေးသည့် ကျန်ရှိအဖွဲ့အစည်းများနှင့် ဆက်လက်တွေ့ဆုံ၍ ညှိနှိုင်း သွားရန်ရှိကြောင်း သိရသည်။

ဓာတ်ပုံ- Ayeyarwaddy_Times