ဧရာဝတီတိုင်းမ်
ဇူလိုင် ၆ ရက်

ထိုင်းလေကြောင်းလိုင်း လေယာဉ်မယ်တစ်ဦး သယ်ဆောင်သွားတဲ့ ဘိန်းဖြူတွေကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရာမှာ အဲဒီမူးယစ်ဆေးဝါးတွေဟာ မြန်မာနိုင်ငံမှာ ထုတ်လုပ်ပြီး လာအိုနိုင်ငံမှတစ်ဆင့် ထိုင်း မြောက်ပိုင်းထဲကို မှောင်ခိုသွင်းလာတာဖြစ်တယ်လို့ ယူဆထားပါတယ်။

အသက် ၂၆ နှစ်အရွယ် မီနာဆိုသူ လေယာဉ်မယ် မှောင်ခိုသယ်ဆောင်လာတဲ့ ဘိန်းဖြူတွေဟာ မြန်မာမူးယစ်ဂိုဏ်းတစ်ခုက ထုတ်လုပ်တာဖြစ်ပြီး လာအိုနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ထိုင်း မြောက်ပိုင်း ဖယောင်းပြည်နယ်၊ ချင်းခမ်းခရိုင်မှတစ်ဆင့် ထိုင်းနိုင်ငံထဲ ဝင်ရောက်လာတာလို့ ထိုင်းမူးယစ် ဆေးဝါးနှိမ်နင်းရေးဌာန (NSB) ရဲ့ ဒုတိယအကြီးအကဲ ရဲဗိုလ်ချုပ် ဆွမ်ဘွန်းသီယန်ခေါင်က တနင်္ဂနွေနေ့ မှာ ပြောပါတယ်။

ချင်းခမ်းခရိုင်ဟာ မူးယစ်ဆေးဝါးတွေ ဖြတ်သန်းသယ်ဆောင်ရာနေရာ ဖြစ်နေတာကြောင့် စောင့် ကြည့်ခံထားရတဲ့ ဒေသဖြစ်ပြီး ထိုင်းနယ်စပ်ရဲ့ တင်းကျပ်တဲ့ စစ်ဆေးမှုတွေကို ရှောင်ကွင်းဖို့အတွက် မူး ယစ်ဆေးဝါးတွေကို မြန်မာနိုင်ငံကနေ တိုက်ရိုက်မသွင်းဘဲ လာအိုမြောက်ပိုင်းမှတစ်ဆင့် သွင်းလာကြတာ လို့ ၎င်းက ဆိုပါတယ်။

မကြာသေးခင်က ချင်းခမ်းခရိုင်အတွင်း စိတ်ကြွဆေးပြား သန်းနဲ့ချီ ဖမ်းဆီးရမိခဲ့တဲ့ စီးနင်းမှုတွေ ကလည်း ဒီအချက်ကို သက်သေပြနေပြီး အဲဒီနေရာကတစ်ဆင့် မူးယစ်ဆေးဝါးတွေကို ထိုင်းနိုင်ငံအတွင်း ဖြတ်သန်းကာ ပြည်ပနိုင်ငံတွေကို အဓိက မှောင်ခိုတင်ပို့နေကြတာ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါးတွေ ဝှက်သယ်လာတဲ့ ဆင်ရုပ်ပါ လက်ဆွဲအိတ် ပါဆယ်ထုပ်ကို ဇွန်လ ၂၂ ရက်နေ့ က ဘန်ကောက် ဘန်နာခရိုင်ရှိ လေယာဉ်မယ် မီနာရဲ့ ကွန်ဒိုဆီ သွားရောက်ပို့ဆောင်ပေးခဲ့ကြောင်း ဥထိုင်းခါနာပီဝတ်ဆိုသူက ဝန်ခံထားပြီး အဆိုပါ ပါဆယ်ထုပ်တွေကို ဇွန်လ ၂၀ ရက်နေ့က ချင်းခမ်းခရိုင် ကနေ သွားရောက်ယူဆောင်ခဲ့တာလို့ ရဲတပ်ဖွဲ့ကို ပြောပါတယ်။

အဆိုပါ အမျိုးသားကို ပြီးခဲ့တဲ့ သောကြာနေ့က ဖိဆာနုလောက်မြို့မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး သူ ဟာ ယခင်ကလည်း အခုလိုမျိုး မူးယစ်ဆေးဝါး ပို့ဆောင်မှုကို ၃ ကြိမ်ထက်မက လုပ်ဆောင်ခဲ့ဖူးကြောင်း ရဲတပ်ဖွဲ့ကို ထွက်ဆိုထားပါတယ်။

လေယာဉ်မယ် မီနာကို ဇွန်လ ၂၅ ရက်နေ့က မဲလ်ဘုန်းလေဆိပ်မှာ ဖမ်းဆီးမိပြီးနောက် ဒီအမျိုး သားက ဖုန်းကို ချက်ချင်းလဲလှယ်ပစ်ခဲ့ပြီး သူ့ဆီမှာရှိတဲ့ အခြားမူးယစ်ဆေးဝါးတွေကိုပါ စွန့်ပစ်ဖို့ ကြိုးစား ခဲ့တာကြောင့် သူ့ရဲ့ ထွက်ဆိုချက်တွေအပေါ် ရဲတပ်ဖွဲ့က သံသယရှိနေပါတယ်။

သူဟာ ဖယောင်းပြည်နယ်က ယူလာတဲ့ ပါဆယ်ထုပ်တွေကို အယုဒ္ဓယရှိ သူ့ရဲ့ တိုက်ခန်းမှာ သိမ်း ဆည်းထားခဲ့ပြီး ဇွန်လ ၂၂ ရက်နေ့မှာ လေယာဉ်မယ်ဆီ ပါဆယ်သွားပို့ဖို့အတွက် ယာဉ်မောင်းတစ်ဦးကို ငှားရမ်းကာ ဘန်ကောက်ကွန်ဒိုဆီ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

စနေနေ့က သူ့တိုက်ခန်းကို ရှာဖွေရာမှာ လက်ဆွဲအိတ်တွေထဲက ဟီးရိုးအင်း အကြွင်းအကျန်တွေ ကို တွေ့ရှိခဲ့ရပြီး အခြားအိတ်တွေကိုတော့ လေယာဉ်မယ် ဖမ်းဆီးခံရပြီးနောက် သက်သေဖျက်ဆီးတဲ့အ နေနဲ့ သောကြာနေ့က အယုဒ္ဓယလမ်းဘေးတစ်နေရာမှာ စွန့်ပစ်ခဲ့တာလို့ ရဲဗိုလ်ချုပ် ဆွမ်ဘွန်းက ဆိုပါ တယ်။

ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့ရဲ့ ဒုတိယကွပ်ကဲရေးမှူး ရဲဗိုလ်ချုပ် သီရဒက်သမ်သူသီက တရားခံ နဲ့ သူ့သူငယ်ချင်းဖြစ်သူတို့ လိုက်လံပြသတဲ့ လမ်းဘေးနေရာမှာ စွန့်ပစ်ထားတဲ့ အိတ်တွေကို ပြန်တွေ့ရှိခဲ့ တယ်လို့ တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ကိုးကား – Bangkok Post
Ref; Heroin carried by Thai air hostess traced to Myanmar