ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာဝတီတိုင်းမ်၊ ဇူလိုင် ၅ ရက်)

ရှေးယခင်ကတည်းက လူသားတွေဟာ ပျော်ရွှင်တဲ့အခါ၊ ဝမ်းနည်းတဲ့အခါ၊ ဒါမှမဟုတ် စိတ်အပန်း ဖြေချင်တဲ့အခါမျိုးတွေမှာ ဂီတကို မိတ်ဆွေစစ်တစ်ခုလို အမြဲတမ်း အဖော်ပြုခဲ့ကြပါတယ်။ ဂီတ ဆိုတာက တကယ့်လက်တွေ့မှာ သာယာနာပျော်ဖွယ် ဖျော်ဖြေရေးသက်သက်တော့ မဟုတ်ပါဘူး။

ဂီတဟာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ကျန်းမာရေးကို အကျိုးပြုကုသပေးနိုင်တဲ့ ဆေးစွမ်းကောင်း တစ်ရပ် ဖြစ်တယ်ဆိုတာကို ဆေးပညာသုတေသနတွေကပါ တဖြည်းဖြည်း အဖြေထုတ်လာနိုင်ခဲ့ပါပြီ။ မိမိ ကြိုက်နှစ် သက်တဲ့ သီချင်းတစ်ပုဒ် ဒါမှမဟုတ် ဂီတသံစဉ်တစ်ခုခုကို နားထောင်လိုက်တဲ့အခါ ကျွန်တော်တို့ ဦးနှောက်အတွင်းမှာ စိတ်ကြည်နူးမှုကို ဖြစ်စေတဲ့ ဟော်မုန်းတွေ ထွက်ရှိလာပြီး ဓာတုဆိုင်ရာ ပြောင်းလဲမှုတွေ စတင်ဖြစ်ပေါ်လာပါတယ်။

သုတေသန တွေ့ရှိချက်တွေအရ သာယာငြိမ့်ညောင်းတဲ့ ဂီတကို နားထောင်လိုက်ရင် ဦးနှောက်ထဲမှာ ဆုလာဘ်အဖြစ် ဒိုပါမင်း (Dopamine) ဓာတ်တွေ တိုးမြင့်ထွက်ရှိလာတာကြောင့် လူကို စိတ်ပျော်ရွှင်စေပါတယ်။ ဒါ့ကြောင့်လည်း စိတ်ဓာတ်ကျနေသူတွေနဲ့ စိတ်အားငယ်နေသူတွေမှာ စိတ်ခွန်အား ပြန်လည်ပြည့်ဝလာစေဖို့ များစွာ အထောက်အကူပြု ကူညီပေးတာ ဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။ ဂီတဟာ ခန္ဓာကိုယ်ကို လန်းဆန်းစေပြီး စိတ်ပျော်ရွှင်မှုကို ပေးစွမ်းနိုင်တဲ့ သဘာဝအကိုက်အခဲပျောက် ဟော်မုန်းတစ်မျိုးဖြစ်တဲ့ အန်ဒေါဖင်း (Endorphin) ထွက်ရှိမှုကိုလည်း လှုံ့ဆော်ပေးပါတယ်။ ဂီတသံကြောင့် ထွက်လာတဲ့ ဒိုပါမင်းနဲ့ အန်ဒေါဖင်း ဟော်မုန်းနှစ်မျိုးဟာ စိတ် အခြေအနေကို မြှင့်တင်ပေးပြီး စိတ်ဖိစီးမှုနဲ့ သောကတွေကို လျော့ကျစေကာ ပျော်ရွှင်မှုကို ဖန်တီး ပေးတာ ဖြစ်ပါတယ်။

🟥နာကျင်မှုကို သက်သာစေတဲ့ ဂီတကုထုံး

ဆေးပညာလောကမှာ ဂီတကုထုံး (Music Therapy) ကို ခွဲစိတ်ကုသမှု ခံယူပြီးစ နာကျင်နေတဲ့ လူနာတွေနဲ့ နာတာရှည်ရောဂါကြောင့် နာကျင်မှု ခံစားနေရသူတွေအတွက် တွဲဖက်ကုထုံးတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါတယ်။ ဂီတသံဟာ နာကျင်မှုကို အာရုံခံစားရတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းတွေကို လမ်းလွှဲပြီး အာရုံပြောင်းပေးလိုက်တဲ့အတွက် ခန္ဓာကိုယ်က နာကျင်မှုဒဏ်ကို ပိုမိုခံနိုင်ရည်ရှိအောင် ကူညီပေးနိုင်ကြောင်း သိပ္ပံနည်းကျ လေ့လာမှုတွေက ဖော်ပြနေပါတယ်။

🟥စိတ်ဖိစီးမှုလျှော့ချမှ နှလုံးကျန်းမာမယ်

လုပ်ငန်းခွင်ထဲက ဖိအားတွေနဲ့ နေ့စဉ်ဘဝ သောကတွေကြောင့် စိတ်ဖိစီးမှုတွေ အလွန်အကျွံများ လာတဲ့အခါ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ကောတီဇော (Cortisol) လို့ခေါ်တဲ့ စိတ်ဖိစီးမှုဟော်မုန်းတွေ မြင့်တက်လာတတ်ပါတယ်။ ဒါဟာ ရေရှည်မှာ နှလုံးကျန်းမာရေးကို ကြီးကြီးမားမား အန္တရာယ် ပြုလာနိုင်ပါတယ်။

ဒီလိုအချိန်မှာ အေးချမ်းတဲ့ ဂီတသံစဉ်တွေ၊ ဂန္ထဝင်ဂီတ တေးသွားတွေဖြစ်တဲ့ ကလပ်စစ်ကယ်လ် ဂီတ (Classical Music) နဲ့ သဘာဝတရားရဲ့ အသံတွေကို နားထောင်ပေးခြင်းက ကောတီဇော ဟော်မုန်း ပမာဏကို သိသိသာသာ လျော့ကျစေပါတယ်။ စိတ်ငြိမ်စေမယ့် ဂီတတေးသံတွေဟာ မြင့်တက်နေတဲ့ သွေးပေါင်ချိန်ကို ကျဆင်းစေပြီး နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပါတယ်။ သွေးကြော တွေကို ပွင့်လန်းစေတဲ့အတွက် ရေရှည်မှာ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ လေဖြတ်နိုင်ခြေကိုပါ လျော့ပါး သက်သာစေတာ ဖြစ်ပါတယ်။

🟥နှစ်ခြိုက်စွာအိပ်ပျော်စေမယ့်ဂီတကုထုံး

ညဘက်တွေမှာ အိပ်မပျော်လို့ ဒုက္ခရောက်နေပြီး အိပ်ဆေးတွေအမြဲ သောက်နေရသူတွေအနေနဲ့ ဂီတ ကုထုံးကို စမ်းသပ်ကြည့်သင့်ပါတယ်။ အိပ်ရာမဝင်ခင် မိနစ် ၃၀ ခန့် သာယာငြိမ့်ညောင်းတဲ့ ခပ်နှေးနှေး စည်းချက်ရှိတဲ့ ဂီတကို နားထောင်ကြည့်ပါ။ ဂီတသံဟာ အာရုံကြောစနစ်ကို ငြိမ်းချမ်းစေပြီး ခန္ဓာကိုယ်ကို အနားယူဖို့ အချက်ပေးတဲ့အတွက် အိပ်ပျော်ရ လွယ်ကူစေရုံတင်မကဘဲ ကြွက်သား တွေကိုပါ ပြေလျော့စေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှာ ဖြစ်ပါတယ်။

🟥အသက်ကြီးသူများတွင် မှတ်ဉာဏ်စွမ်းရည် တိုးတက်စေခြင်း

ဂီတရဲ့ အံ့ဩစရာအကောင်းဆုံး စွမ်းရည်တစ်ခုကတော့ ဦးနှောက်ဆဲလ်တွေကို ပြန်လည်နိုးထစေတာပဲ ဖြစ်ပါတယ်။ အသက်ကြီးသူတွေနဲ့ အယ်လ်ဇိုင်းမား (Alzheimer’s) မှတ်ဉာဏ်ချို့ယွင်းရောဂါ ဝေဒနာရှင်တွေမှာ ဂီတကုထုံးဟာ အလွန်ထိရောက်ပါတယ်။ မိမိတို့ ငယ်စဉ်က နှစ်သက်ခဲ့ဖူးတဲ့ သီချင်းဟောင်းတွေကို ပြန်လည်နား ထောင်ခြင်းက ဦးနှောက်ရဲ့ မှတ်ဉာဏ်ဗဟိုဌာနကို လှုံ့ဆော်ပေးပြီး အတိတ်က အမှတ်တရတွေကို ပြန်လည်သတိရလာစေကာ သိမြင်နားလည်စွမ်းရည် (Cognitive function) ကို ပိုမိုကောင်းမွန်လာစေပါတယ်။

🟥ဂီတကုထုံးဖြင့် စိတ်ကျန်းမာရေးကုစားမှု (Mental Healing through Music Therapy)

စိတ်ကျန်းမာရေးလောကမှာ ဂီတကုထုံးဆိုတာ စိတ်ကျရောဂါ (Depression)၊ စိတ်မငြိမ်ဘဲ ပူပန်သောက ခံစားရခြင်း (Anxiety) နဲ့ ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့် ဝေဒနာ (PTSD) တွေအတွက် အဓိက ကုသရေးလေ့ကျင့်ခန်းတစ်ခုလည်း ဖြစ်ပါတယ်။

ဂီတကုထုံးဟာ စိတ်ခံစားချက်ကို ထိန်းချုပ်တဲ့ ဦးနှောက်ရဲ့ အမစ်ဂ်ဒလာ (Amygdala) နဲ့ ဟစ်ပိုကမ်းပတ်စ် (Hippocampus) အစိတ်အပိုင်းတွေကို တိုက်ရိုက် အကျိုးသက်ရောက်စေပါတယ်။ ပူပန်စိတ်လွန်ကဲနေချိန်မှာ စည်းချက်နှေးနှေး ဂီတသံစဉ်တွေကို နားထောင်လိုက်တာက ဦးနှောက် လှိုင်းတွေကို ပုံမှန်အခြေအနေ (Alpha waves) ရောက်အောင် ဖန်တီးပေးပြီး စိတ်ကို ချက်ချင်း တည်ငြိမ်သွားစေပါတယ်။ ဒါဟာ ဂီတကုထုံးရဲ့ အံ့မခန်း အစွမ်းတွေလို့ ဆိုရမှာပါ။

🟥ကိုယ်ဝန်ဆောင်ချိန်နှင့် ဂီတ (Prenatal Music)

ကိုယ်ဝန်ဆောင်စဉ် မိခင်လောင်းတွေ ဂီတနားထောင်ခြင်းဟာ မိခင်ရော ရင်သွေးအတွက်ပါ အဖိုးမဖြတ်နိုင်တဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်တတ်တဲ့ စိတ်ဓာတ်ကျခြင်းနဲ့ မီးဖွားခါနီး သောကရောက်ခြင်းတွေကို လျော့ကျစေပါတယ်။

သန္ဓေသားရဲ့ အကြားအာရုံဟာ ကိုယ်ဝန်သီတင်းပတ် ၂၀ ကတည်းက စတင်ဖွံ့ဖြိုးတာကြောင့် မိခင် နားထောင်တဲ့ ဂီတသံဟာ သန္ဓေသားရဲ့ ဦးနှောက်ဆဲလ်အချင်းချင်း ချိတ်ဆက်မှုကို အားကောင်း စေပြီး မွေးဖွားလာချိန်မှာ အာရုံစူးစိုက်မှု ပိုကောင်းတဲ့ ကလေးငယ် ဖြစ်လာစေမှာပါ။

🟥ကလေးငယ်များ ဖွံ့ဖြိုးမှုနှင့်ဂီတ (Child Development)

ကလေးအရွယ်မှာ ဂီတနဲ့ ထိတွေ့ပေးခြင်းက ဦးနှောက်ဖွံ့ဖြိုးမှုကို သိသိသာသာ အရှိန်မြှင့် တင်ပေး ပါတယ်။ လေ့လာမှုတွေအရ ကလေးငယ်တွေကို သီချင်းဆိုပြခြင်းနဲ့ တေးသံသာများ နားထောင်စေခြင်း ဟာ ဘာသာ စကားနဲ့ စကားပြောစွမ်းရည်ကို တိုးတက်စေပါတယ်။

သီချင်းတွေထဲက ကာရန်နဲ့ စည်းချက်တွေက ကလေးငယ်တွေကို စကားလုံးတွေ မှတ်မိလွယ်စေပြီး ဘာသာ စကား သင်ယူမှုစွမ်းရည်ကို မြင့်မားစေပါတယ်။ တေးဂီတဟာ ကလေးတွေရဲ့ သင်္ချာနဲ့ တွေးခေါ်မြော်မြင်မှုတွေကိုလည်း ဖွံ့ဖြိုးစေပါတယ်။ ဂီတရဲ့ နုတ်စ် (Notes) တွေကို အကြားအာရုံနဲ့ ထိတွေ့ရတဲ့အခါ ဦးနှောက်အာရုံကြော ချိတ်ဆက်မှုစွမ်းရည် တိုးတက်စေလို့ အရွယ်ရောက်လာတဲ့အခါ သင်္ချာနဲ့ သိပ္ပံပညာရပ်တွေမှာ ပိုမိုထူးချွန်စေနိုင်ပါတယ်။

🟥မသန်စွမ်းသူများနှင့် ဂီတ (Music for People with Disabilities)

အကြားအာရုံမသန်စွမ်းသူတွေကလွဲလို့ ခန္ဓာကိုယ်မသန်စွမ်းသူတွေနဲ့ ဉာဏ်ရည်မသန်စွမ်းသူတွေ အတွက် ဂီတဟာ စကားလုံးတွေထက် ထိရောက်တဲ့ ဆက်သွယ်ရေး တံတားတစ်ခု ဖြစ်ပါတယ်။ ပတ်ဝန်းကျင်နဲ့ ဆက်ဆံရေးခက်ခဲတတ်တဲ့ အော်တစ်ဇင် (Autism) ကလေးငယ်တွေဟာ ဂီတကို ဘာသာစကားတစ်ခုလို ခံစားပြီး သူတို့ရဲ့ စိတ်ခံစားချက်ကို ဖော်ပြတတ်လာကာ လူမှုဆက်ဆံရေး ပိုမိုကောင်းမွန်လာကြပါတယ်။

အော်တစ်ဇင်ဝေဒနာရှင်တွေအတွက် ဂီတဟာ ပျော်ရွှင်မှုတွေကို ဆောင်ယူလာပေးတာ ဖြစ်ပါတယ်။

ကိုယ်အင်္ဂါမသန်စွမ်းသူတွေအတွက်လည်း ဂီတကို အသုံးချနိုင်ပါတယ်။ လေဖြတ်ထားသူတွေ၊ မတော် တဆမှုကြောင့် လှုပ်ရှားရခက်ခဲသူတွေမှာ ဂီတစည်းချက်နဲ့အညီ ပြန်လည်သန်စွမ်းရေး ကိုယ်လက် လှုပ်ရှား လေ့ကျင့် ခန်း (Physiotherapy) လုပ်တာက ကြွက်သားတွေ ပြန်လည်အလုပ်လုပ်နိုင်စွမ်းကို ပိုမိုမြန်ဆန်စေပါတယ်။

🟥ဂီတတူရိယာ တီးခတ်ခြင်း ကုထုံး (Playing Instruments as Therapy)

ဂီတကို နားထောင်ရုံတင်မကဘဲ ကိုယ်တိုင် တူရိယာတစ်ခုခုကို သင်ယူလေ့လာ တီးမှုတ်တာက ဦးနှောက်လေ့ကျင့်ခန်း လုပ်နေသလိုပါပဲ။ စန္တရား၊ ဂစ်တာ၊ ဗုံ၊ ကာဂျွန်၊ ကယ်လင်ဘာ၊ ဘာဂျာ စတဲ့ တူရိယာတွေဟာ အသုံးများကြတဲ့ ဂီတကုထုံးတူရိယာတွေပဲ ဖြစ်ပါတယ်။ တူရိယာတစ်ခု တီးခတ်ဖို့ အတွက် မျက်စိနဲ့ နုတ်စ်ကြည့်ရသလို၊ နားနဲ့ စည်းချက်နားထောင်ရပြီး လက်ချောင်းတွေကိုပါ စနစ်တကျ လှုပ်ရှားရပါတယ်။

ဒါကြောင့် ဦးနှောက်ရဲ့ ဘယ်ဘက်ခြမ်းနဲ့ ညာဘက်ခြမ်းကို ချိတ်ဆက်ပေးတဲ့ ကောပတ်စ် ကာလိုဆမ် (Corpus Callosum) အစိတ်အပိုင်းကို ပိုမိုဖွံ့ဖြိုးလာစေတာ ဖြစ်ပါတယ်။ ဒါဟာ စိတ်အာရုံစူးစိုက်မှုကို အထူးကောင်းမွန်စေပြီးအာရုံကြောထိခိုက်မှုကြောင့် လက်တုန်ခြင်းတွေ၊ လှုပ်ရှားမှု မမှန်ခြင်းတွေ ကြုံတွေ့နေရတဲ့ ဝေဒနာရှင်တွေအတွက် စွမ်းရည်ပြန်လည် ကောင်းမွန်လာစေတဲ့ အကောင်းဆုံး လေ့ကျင့်ခန်းကုထုံးတစ်ခု ဖြစ်ပါတယ်။

ဂီတဆိုတာ နားသောတဆင်ဖို့ သက်သက်တင်မဟုတ်ဘဲ ကာယ၊ စိတ္တ ကျန်းမာရေးအတွက် ဘေးထွက် ဆိုးကျိုး အနည်းဆုံးသော ဆေးစွမ်းကောင်းတစ်ရပ် ဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့် မိမိတို့ရဲ့ နေ့စဉ်တာဝန်တွေ ဘယ်လောက်ပဲ များပြားနေပါစေ၊ ခဏတာ အနားရစေဖို့ အလုပ်ရှုပ် နေတာတွေကြားထဲကနေ မိမိနှစ်သက်တဲ့ သီချင်းအေးအေးလေးတွေကို နားထောင်ဖို့ အချိန်အနည်း ငယ်လောက် ဖဲ့ပေးပြီး ပိုမိုကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝကို ဂီတသံစဉ်တွေနဲ့အတူ ဖြတ်သန်းနိုင် ကြပါစေ။

နောက်တစ်ပတ်မှာတော့ “အမွှာ (Twins)” ဆိုတဲ့ ဆောင်းပါးကနေ ကျန်းမာရေးနဲ့ ဆေးပညာအမြင် တွေကို ဆက်လက်မျှဝေပေးသွားမှာ ဖြစ်တာကြောင့် စောင့်မျှော်အားပေးကြပါဦးခင်ဗျာ။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ကျန်းမာရေးဆောင်းပါး #ဂီတသံနှင့်ကျန်းမာရေး #ဒေါက်တာမိုးသစ်နေ #Ayeyarwaddy_Times

(စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန်နေထိုင်ခြင်း” (ကျန်းမာရေး အသိပညာပေးအစီအစဉ်)ကို ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူး နေ့တိုင်း တင်ဆက်သွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများ ရယူနိုင်ပါ ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။)