‎ဧရာဝတီတိုင်းမ်
‎ဇူလိုင် ၅ရက်

လက်နက်ခဲယမ်းနှင့် စစ်အင်အားများ၊ လုပ်ငန်းသုံးယန္တရားများ တင်ဆောင်ကာ မြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောနှင့် အရပ်ဘက်သုံး ဖလပ်ရေယာဉ်အုပ်စုသည် ချင်းတွင်းမြစ် ကြောင်းအတိုင်း ဆက်လက်ဆန်တက်လာပြီး မုံရွာမြို့၊ အလုံမင်းဒေါင့်ဆိပ်ကမ်းသို့ ကမ်းကပ် ထားကြောင်း ဒေသခံသတင်းရင်းမြစ်များနှင့် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီထံမှ သိရသည်။

‎အဆိုပါ ရေယာဉ်အုပ်စုသည် ဇူလိုင်လ ၄ ရက်နေ့တွင် ဆင်ဖြူရှင်တံတားအနီးသို့ ရောက်ရှိလာခဲ့ကာ ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆက်လက်ဆန်တက်လာခဲ့ခြင်း ဖြစ်သည်။

‎ယမန်နေ့ ဇူလိုင် ၄ရက်တွင် ဆင်ဖြူရှင်တံတားအထက်ဘက်မှ ဆန်တက်လာသော လက်နက်ခဲယမ်းများ တင်ဆောင်လာသည့် အရပ်သုံးဖလပ်သင်္ဘောများနှင့် တိုက်ခိုက်ရေးစစ်သင်္ဘောများသည် စစ်ကိုင်းတိုင်း၊ ဆားခါးကျေးရွာအနီးမှ မြစ်အထက်ပိုင်းသို့ ဆက်လက်ခုတ်မောင်းနေခဲ့ပြီးနောက် ပထမအသုတ်အဖြစ် ဖလပ်မော်တော်နှင့် စစ်သင်္ဘော ၂၆ စင်း၊ ဒုတိယအသုတ်အဖြစ် ၁၆ စင်းတို့သည် မုံရွာမြို့ အလုံမင်း ဒေါင့်ဆိပ်ကမ်းသို့ ဝင်ရောက်ကမ်းကပ်ခဲ့ကြသည်။

‎”ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော လက်နက်ခဲယမ်းပါ ဖလပ်မော်တော်များနှင့် စစ်သင်္ဘော ပထမအသုတ် ၂၆ စင်း၊ ဒုတိယအသုတ် ၁၆ စင်းတို့မှာ မုံရွာမြို့ အလုံမင်းဒေါင့်ဆိပ်ကမ်းသို့ ကမ်းကပ်ထားကြောင်း သိရပါတယ်” ဟု ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ရေယာဉ်အုပ်စုသည် မန္တလေးမြို့ ၄၁ လမ်းအနောက်ဘက်ရှိ ရေကြောင်းရုံး၊ သင်္ဘောကျင်း၊ ပေပင်ဆိပ်ကမ်း၊ ဂေါဝိန်ဆိပ်ကမ်းနှင့် အခြားဆိပ်ကမ်းများတွင် လက်နက်ခဲယမ်းများနှင့် စစ်အင်အား များကို အပြည့်အစုံတင်ဆောင်ကာ မြစ်အထက်ပိုင်းသို့ ပို့ဆောင်ရန် ထွက်ခွာလာခြင်း ဖြစ်ကြောင်း သိရသည်။

‎ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်တပ်၏ လက်နက်ခဲယမ်းနှင့် စစ်အင်အားဖြည့်တင်းမည့် ရေယာဉ် အုပ်စု ဆန်တက်လာနေသောကြောင့် မြစ်ကမ်းဘေးတစ်လျှောက်ရှိ ပြည်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန် ဒေသခံအဖွဲ့အစည်းများက နှိုးဆော်ထားသည်။

‎ဓာတ်ပုံ- အညာပစ်တိုင်းထောင်လေးများ၊ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီ