‎ဧရာဝတီတိုင်းမ်
‎ဇူလိုင် ၅ရက်

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ရှိ စစ်ရေးအရ အရေးပါသည့် မန္တလေး-မြစ်ကြီးနား ကားလမ်းနှင့် ရထားလမ်းပိုင်းပေါ်ရှိ နယ်မြေများကို ရွေးတုအစိုးရစစ်တပ်က ပြန်လည်ထိန်းချုပ်ရန် စစ်ကြောင်းထိုး ဝင်ရောက်လျက်ရှိပြီး ဒေသတွင်းကျေးရွာများကိုပါ တိုက်ခိုက်မီးရှို့မှုများ ပြုလုပ်နေကြောင်း မြေပြင် တော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

လတ်တလော မြေပြင်အခြေအနေများအရ ရွေးတုအစိုးရစစ်တပ်သည် အင်းတော်မြို့၏ တောင်ဘက်တွင် ရှိသော မဲဇာစံပြကျေးရွာအတွင်းသို့ စစ်ကြောင်းနှစ်ကြောင်းခွဲ၍ ထိုးစစ်ဆင် ဝင်ရောက်သွားပြီဖြစ်ကြောင်း ယမန်နေ့ ဇူလိုင် ၄ ရက်နေ့တွင် Indaw Revolution က ဖော်ပြထားသည်။

ရွေးတုအစိုးရစစ်တပ်သည် မဲဇာဘက်သို့ စစ်ကြောင်းတက်လာစဉ် စစ်ကြောင်းအရှေ့တွင် လေကြောင်း ပစ်ကူများကိုပါ သုံးစွဲ၍ ကျေးရွာများအတွင်းသို့ အတင်းအဓမ္မ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

“ဒရုန်းဗုံးတွေ၊ လေကြောင်းပစ်ခတ်မှုတွေနဲ့ စစ်ဘေးရှောင်တွေရှိနေတဲ့ရွာတွေကိုပါ ဝင်လာတာ။ စစ်ဘေး ရှောင်တွေလည်း ထပ်ပြေးရတာပေါ့” ဟု မြေပြင်စစ်ဘေးရှောင် အခြေအနေများနှင့် ပတ်သက်၍ တော်လှန်ရေး သတင်းရင်းမြစ်တစ်ခုက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် ရွေးတုအစိုးရစစ်တပ်သည် ပြီးခဲ့သည့် ဇူလိုင် ၃ ရက်နေ့က ပင်သချေကျေးရွာကို ဒရုန်းများ အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်၊ နန့်သဲကျေးရွာနှင့် အလယ်ဆိပ်ကျေးရွာတို့ရှိ ပြည်သူပိုင် နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စိုးမိုးထားခဲ့သည့် စစ်ရေးအရ လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသော မန္တလေး-မြစ်ကြီးနား ကားလမ်းနှင့် ရထားလမ်းပေါ်ရှိ မဲဇာ၊ အင်းတော်၊ နဘားနှင့် မော်လူးစသည့် စစ်ကိုင်း-ကချင်အစပ်ဒေသများကို ရွေးတုအစိုးရစစ်တပ်ဘက်က ပြန်လည်ထိန်းချုပ်ရန် အသည်းအသန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

တစ်ဖက်တွင်လည်း အင်းတော်မြို့မှ စစ်ကြောင်းများခွဲ၍ တက်လာသည့် ရွေးတုအစိုးရစစ်တပ်က နတ်မဟုတ်ကလေး၊ ဆည်ရွာ၊ လည်နောင်ကျေးရွာ၊ နတ်မဟုတ်ကြီး၊ သံဘိုကျေးရွာနှင့် မဲဇာ၊ နန့်သဲကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်တပ်ထောက်ခံအားပေးသည့် ဝါဒဖြန့်သတင်းချန်နယ် များတွင် ရေးသားဖော်ပြထားကြသည်။

ပုံစာ-ဒရုန်းလေ့ကျင့်ပျံသန်းမှုများပြုလုပ်နေသည့် ရွေးတုအစိုးရစစ်တပ်(ပုံဟောင်း)