ဧရာဝတီတိုင်းမ်
ဇူလိုင် ၅ ရက်

 

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ရှိ တွံတေးတူးမြောင်း ရေမိုင် ၂၀ အနီးတွင် ခရီးသည်တင်ရေယာဉ်တစ်စီးနှင့် ဆန်တင်သင်္ဘောတစ်စီး တိုက်မိကာ ရေယာဉ်နစ်မြုပ်မှု ဖြစ်ပွားခဲ့ပြီး ရေယာဉ်လုပ်သားတစ်ဦး ရေထဲသို့ မျောပါပျောက်ဆုံးနေကြောင်း တွံတေးမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

 

တွံတေးတူးမြောင်းအတွင်း ခုတ်မောင်းလာသည့် “ဇော်မြင့်မြတ် (၁)” ခရီးသည်တင်ရေယာဉ်သည် ဆန်တင်သင်္ဘောတစ်စင်းနှင့် ချိတ်မိကာ ဝင်ရောက်တိုက်မိပြီးနောက် နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်။

 

ယမန်နေ့ ဇူလိုင်လ ၄ ရက် ည ၉ နာရီ ၃၆ မိနစ်ခန့်တွင် တွံတေးတူးမြောင်းအတွင်း ခုတ်မောင်းလာသည့် “ဇော်မြင့်မြတ် (၁)” ခရီးသည်တင်ရေယာဉ်သည် ယမန်နေ့ ဇူလိုင် ၄ ရက် ည ၉ နာရီ ၃၆ မိနစ်ခန့်က ဆန်တင်သင်္ဘောတစ်စင်းကို ဝင်ရောက်တိုက်မိကာ နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်။

နစ်မြုပ်ခဲ့သည့် “ဇော်မြင့်မြတ် (၁)” ရေယာဉ်ပေါ်တွင် စုစုပေါင်း လူဦးရေ ၃၂ ဦး လိုက်ပါလာခဲ့ပြီး ၎င်းတို့အနက်မှ ခရီးသည်များနှင့် ရေယာဉ်လုပ်သား စုစုပေါင်း ၃၁ ဦးမှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ ဘေးလွတ်ရာသို့ အချိန်မီ ရွှေ့ပြောင်းနိုင်ခဲ့ကြသည်။

 

ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ခဲ့သူများတွင် အမျိုးသား ရှစ် ဦး၊ အမျိုးသမီး ၁၅ ဦးနှင့် ရေယာဉ်လုပ်သား ရှစ် ဦးတို့ ပါဝင်သော်လည်း ကျန်ရှိသည့် ရေယာဉ်လုပ်သား အမျိုးသားတစ်ဦးမှာမူ ရေစီးနှင့်အတူ မျောပါပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။

 

“သတင်းရရခြင်းမှာပဲ တွံတေးမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် တစ် စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်တွေနဲ့အတူ ကယ်ဆယ်ရေးလုပ်ငန်းတွေ ချက်ချင်းသွားရောက် ဆောင်ရွက်ခဲ့ပါတယ်” ဟု ကယ်ဆယ်ရေး ဆောင်ရွက်မှုများနှင့် ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

အဆိုပါ မျောပါပျောက်ဆုံးနေသူအား ရှာဖွေရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကယ်ဆယ် ရေးအဖွဲ့များက ယမန်နေ့ည ၁၁ နာရီအထိ မြစ်ကြောင်းအတွင်း ကြိုးပမ်းရှာဖွေခဲ့ကြသော်လည်း လက်ရှိအချိန်ထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးဘဲ ကယ်ဆယ်ရေးနှင့် ရှာဖွေရေးလုပ်ငန်းများကို ယနေ့တွင်လည်း ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

ဓာတ်ပုံ-သူရအောင်