‎ဧရာဝတီတိုင်းမ်
‎ဇူလိုင် ၅ရက်

ရခိုင်နှင့် ဧရာဝတီတိုင်းအစပ်ရှိ ရေကြည်မြို့နယ်အတွင်း အခြေစိုက်ထားသည့် ရွေးတုအစိုးရစစ်တပ်၏ ပွိုင့် ၂၂၇ စခန်း၏ ကာကင်းစခန်းကုန်း နှစ်ခုကို အာရက္ခတပ်တော် (AA) က ထပ်မံတိုက်ခိုက် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ တတိယပတ်အတွင်း ရေကြည်မြို့နယ်ရှိ ရွေးတုအစိုးရစစ်တပ်၏ ပွိုင့် ၂၈၈၊ ပွိုင့် ၁၈၈ နှင့် ပွိုင့် ၁၄၈ စခန်းကုန်းများကို AA က ဆက်တိုက်သိမ်းပိုက်ခဲ့ပြီးနောက် အဆိုပါ ပတ်ဝန်းကျင်နယ်မြေများတွင် တိုက်ပွဲများ နေ့စဉ်ရက်ဆက် ပြင်းထန်နေခဲ့ခြင်းဖြစ်သည်။

ရွေးတုအစိုးရစစ်တပ်သည် ဆုံးရှုံးသွားသော စခန်းကုန်းများကို ပြန်လည်ရရှိရန် စစ်အင်အားများ အလုံးအရင်းဖြင့် ဖြည့်တင်းကာ မရပ်မနား ထိုးစစ်ဆင်နေသည့်ကြားမှ AA က အရေးပါသည့် ပွိုင့် ၂၂၇ ၏ ကာကင်းစခန်းနှစ်ခုကို တန်ပြန်ထိုးစစ်ဆင်ကာ ထပ်မံသိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း AA ၏ စစ်ရေး သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့တွင် ပွိုင့် ၂၂၇ စခန်းကုန်း၏ အနောက်ဘက် ၁.၁ ကီလိုမီတာခန့် အကွာရှိ ပထမကာကင်းကုန်းကို လည်းကောင်း၊ ဇူလိုင်လ ၃ ရက်နေ့တွင် အဆိုပါ ပွိုင့်ကုန်းမှ ၁ ကီလိုမီတာခန့် အကွာရှိ ဒုတိယကာကင်းကုန်း ဖြစ်သော တာဝါတိုင်စခန်းကုန်းကိုလည်းကောင်း AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ ကာကင်းစခန်းသိမ်းတိုက်ပွဲများအတွင်း ရွေးတုအစိုးရစစ်တပ်ဘက်မှ အလောင်းအချို့နှင့် လက်နက်ခဲယမ်းအချို့ကိုပါ သိမ်းဆည်းရမိခဲ့သည်။ လက်ရှိတွင် အထိအခိုက် အကျအဆုံးများစွာဖြင့် ပွိုင့် ၂၂၇ ကုန်းသို့ ကစဉ့်ကလျား ထွက်ပြေးသွားသည့် ရွေးတုအစိုးရစစ်တပ် တပ်မ (၆၆) လက်အောက်ခံ ခမရ (၁၀၈) တပ်ရင်းမှ တပ်ဖွဲ့ဝင်များကို AA က လိုက်လံချေမှုန်း တိုက်ခိုက်လျက်ရှိသည်။

အခြားတစ်ဖက်တွင်လည်း ရွေးတုအစိုးရစစ်တပ်သည် အမတ ၃၄၄ အမြောက်တပ်သို့ ပုသိန်အခြေစိုက် တပ်ရင်းများမှတစ်ဆင့် အင်အားဖြည့်တင်းနေသကဲ့သို့ လေးမျက်နှာမြို့နယ်ဘက်တွင်လည်း စစ်အင်အား များ အဆမတန် တိုးမြှင့်လျက်ရှိသည်။

ထို့ပြင် ရွေးတုအစိုးရစစ်တပ်သည် ပုသိန်-မုံရွာ လမ်းပိုင်းစိုးမိုးရေးအတွက် လမ်းတစ်လျှောက်တွင် စစ်အင်အားအများအပြား သုံးစွဲကာ တပ်ဖြန့်နေရာယူထားကြောင်း မြေပြင်သတင်းများအရ သိရသည်။

 

လက်ရှိ တိုက်ပွဲပြင်းထန်နေသည့် ရခိုင်-ဧရာဝတီအစပ် နေရာများတွင် ရွေးတုအစိုးရစစ်တပ်ဘက်က အဝေးမှ လက်နက်ကြီးများဖြင့် အလွန်အကျွံ ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် အသေခံဒရုန်းများဖြင့် ဆက်တိုက် တိုက်ခိုက်နေခြင်းတို့ကြောင့် ဒေသတွင်း စစ်ရေးအခြေအနေမှာ ဆက်လက် တင်းမာပြင်းထန်နေဆဲ ဖြစ်သည်။

 

ဓာတ်ပုံ-AA Info Desk
ပုံစာ- ၂၂၇ပွိုင့်ကုန်း၏ ကာကင်းစခန်းကုန်းနှစ်ခုအား တိုက်ခိုက်သိမ်းပိုက်စဉ်အတွင်း သိမ်းဆည်းရရှိ ခဲ့သော လက်နက်ခဲယမ်းများ