ဧရာဝတီတိုင်းမ်
ဇူလိုင် ၅ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ လယ်ကိုင်းကျေးရွာရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုအား ရွေးတု အစိုးရစစ်တပ်က ဘက်ဟိုး (မြေတူးစက်) များဖြင့် လာရောက်ဖြိုဖျက်ကာ ယူဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ရွေးတုအစိုးရစစ်တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဇွန် ၃၀ ရက် ညသန်းခေါင်ယံက လယ်ကိုင်းကျေးရွာ အဝင် လမ်းမထိပ်၌ စိုက်ထူထားသည့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုကို အင်အားသုံး၍ လာရောက် ဖျက်ဆီးကာ မော်တော်ယာဉ်များဖြင့် သယ်ဆောင်သွားခြင်းဖြစ်သည်။
“ညသန်းခေါင်ကြီး လူခြေတိတ်ချိန် ဘတ်ဟိုးတွေနဲ့လာပြီး ဖြိုဖျက်သွားတာ။ ဘာကြောင့် အခုလို လာဖျက်ဆီးတယ်ဆိုတာကို တရားဝင် ပြောတာမျိုးမရှိဘူး။ ရွာသားတွေလည်း စိုးရိမ်လို့ သွားမကြည့် ရဲကြဘူး၊ ကြောက်တော့ ဘယ်သူမှ သတင်းမတင်ကြဘူး” ဟု ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။။

အလားတူ ဇူလိုင်လအတွင်းမှာပင် ဧရာဝတီတိုင်း၊ ကျုံပျော်မြို့၊ အောင်ဆန်းရပ်ကွက်ရှိ ဗိုလ်ချုပ် ကြေးရုပ်တုကိုလည်း ရွေးတုစစ်တပ်နှင့် အရပ်ဝတ်များက ဖျက်ဆီးဖယ်ရှားသွားကြောင်း ဒေသခံများ ထံမှ သိရသည်။
အာဏာသိမ်းစစ်အုပ်စုအသွင်ပြောင်း ရွေးတုအစိုးရသည် ယခုကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် ထုများအား ဖျက်ဆီးဖယ်ရှားခြင်းကို ဧရာဝတီတိုင်းတွင်သာမက ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတို့တွင်လည်း ဆက်တိုက်ဆိုသလို ပြုလုပ်လျက်ရှိသည်။
စစ်အုပ်စုသည် လာမည့် ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် အာဇာနည်နေ့မတိုင်မီ ဗိုလ်ချုပ် အောင်ဆန်း၏ ပုံတူရုပ်တုများကို လိုက်လံဖယ်ရှားနေခြင်းဖြစ်ပြီး ရက်ပိုင်းအတွင်းမှာတင် ဗိုလ်ချုပ် ရုပ်ထုပေါင်း အနည်းဆုံး ကိုး ခုထက်မနည်း ဖယ်ရှားခံထားရကြောင်း မြေပြင်သတင်းအချက် အလက်များအရ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂ ရက်နေ့ ညပိုင်းကလည်း ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်နှင့် သာကေတမြို့နယ် မြကန်သာပန်းခြံအတွင်းရှိ ဗိုလ်ချုပ်ကြေးရုပ်များကို လျှပ်စစ်မီးများဖြတ်တောက်ကာ ဖြိုဖျက် ဖယ်ရှားခဲ့သည်။

အလားတူ ဇွန် ၂၇ ရက်နေ့ ညပိုင်းတွင် စစ်ကိုင်းတိုင်း ရေဦးမြို့ မြို့မရဲစခန်းရှေ့ရှိ ဗိုလ်ချုပ်ရုပ်ထုကို စည်ပင်က ဘက်ဟိုးကားဖြင့် ဖျက်ဆီးဖယ်ရှားခဲ့သလို ဇွန် ၉ ရက်နေ့ ညပိုင်းကလည်း ပဲခူးတိုင်း တောင်ငူမြို့ ကန်လမ်းရှိ ၁၅ ပေမြင့် ဗိုလ်ချုပ်ကြေးရုပ်ကြီးကို မြို့တစ်မြို့လုံး မီးဖြတ်၍ ဖြိုချခဲ့ကြသည်။
အာဏာသိမ်းစစ်အုပ်စုသည် ယခင်နှစ်များကတည်းက နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ပုသိမ်မြို့နှင့် မန္တ လေးတိုင်း သာစည်မြို့တို့တွင်လည်း ဗိုလ်ချုပ်ရုပ်ထုများကို လူသူကင်းရှင်းသည့် ညသန်းခေါင်အချိန် သို့မဟုတ် အာရုဏ်တက်အချိန်များ၌ လျှို့ဝှက်ဖယ်ရှားမှုများ ဆက်တိုက် ပြုလုပ်ခဲ့သည်။
နိုင်ငံတော်၏ လွတ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အထိမ်းအမှတ် ရုပ်ထုများနှင့် သွင်ပြင်လက္ခဏာများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးရှင်းလင်းနေခြင်းသည် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၂၅ ပါ အများပြည်သူပိုင်ပစ္စည်းအား အကျိုးဖျက်ဆီးမှုကို ကျူးလွန်ခြင်းဖြစ်သည်။
အများပြည်သူ ပိုင်ဆိုင်သည့် ပြည်သူပိုင်ပစ္စည်းတစ်ရပ်ရပ်ကို ထိခိုက်နစ်နာစေရန် အကျိုးဖျက်ဆီးမှု ကျူးလွန်ပါက ထောင်ဒဏ် ၇ နှစ်အထိ ပြစ်ဒဏ်ထိုက်သင့်သော ကြီးလေးသည့် ပြစ်မှုကို ကျူးလွန်ခြင်းဖြစ်ကြောင်း မြန်မာ နိုင်ငံရှေ့နေများကောင်စီ (BLC) က ဇူလိုင် ၂ ရက်နေ့တွင် ထုတ်ပြန်ကာ ရွေးတုအစိုးရစစ်တပ်၏ သမိုင်းဖျက် ဆီးမှုလုပ်ရပ်အပေါ် ကန့်ကွက်ထားသည်။
ဓာတ်ပုံ-ပေးပို့