ဧရာဝတီတိုင်းမ်
ဇူလိုင် ၄ ရက်

 

အာဏာသိမ်းစစ်ခေါင်းဆောင်တဖြစ်လဲ ရွေးတုသမ္မတမင်းအောင်လှိုင်၏ နိုင်ငံတကာပုံရိပ်ကောင်းရရန်အမည်ခံသည့် ရက် ၁၀၀ စီမံကိန်းနောက်ကွယ်တွင် စစ်အုပ်စုက လူ့အခွင့်ရေးချိုးဖောက်မှုများကို ဆက်တိုက်လုပ်ဆောင်နေပြီး ပြီးခဲ့သည့် ဧပြီ ၂၀ ရက်မှ ဇွန် ၃၀ အထိ ရက်ပေါင်း ၇၀ အတွင်း ချိုးဖောက်မှု ဖြစ်စဉ်ပေါင်း ၁၀၄၅ ကြိမ်အထိရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ သိရသည်။

 

စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ၊ စစ်ရှောင်စခန်းနှင့်ကျေးရွာများသို့ လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများ၊ နေအိမ်မီးရှို့မှုများ စသည့်ဖြစ်စဉ်များပါဝင်နေပြီး လူ့အခွင့်ရေးအများဆုံးချိုးဖောက်ခံရသည့်ဒေသမှာ မကွေးတိုင်းဖြစ်ပြီး ၁၉၉ ကြိမ်အထိချိုးဖောက်ခံရကာ ဒုတိယအနေဖြင့် စစ်ကိုင်းဖြစ်ပြီး ၁၄၈ ကြိမ်အထိ ချိုးဖောက်ခံထားရကြောင်းသိရသည်။

 

ရက် ၁၀၀ စီမံကိန်းမပြီးဆုံးခင် ရက်ပေါင်း ၇၀ အတွင်းမှာပင် စစ်တပ်က အရပ်သား ငါးဦးနှင့်အထက်သေဆုံးသည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း ၂၀ ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သား ၁၆၂ ဦးအထိသေဆုံးကာ ချင်းပြည်နယ်အတွင်း ငါးကြိမ်အထိ သတ်ဖြတ်ခြင်းခံခဲ့ရပြီး မန္တလေးတိုင်းတွင် သတ်ဖြတ်မှုဖြစ်စဉ် သုံးကြိမ်အထိဖြစ်ပွါးခဲ့သည်။

စစ်အုပ်စု၏ လူ့အခွင့်ရေးချိုးဖောက်မှုဖြစ်စဉ် သာဓကတစ်ခုမှာ ပြီးခဲ့သည် မေ ၂၄ ရက်နေ့က ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်ရွာမှ စစ်ဘေးရှောင်လာသည့် ရိုဟင်ဂျာမိသားစုဝင် ခုနှစ်ဦးကို စစ်တပ်၏ရေတပ်မှပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိသားစုဝင် ခြောက်ဦးမှာနေရာတွင်သေဆုံးခဲ့ပြီး အသက်ရှင်ကျန်ရစ်သည့် ၄ နှစ်အရွယ်မိန်းကလေးငယ်ကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း NUG ကထုတ်ပြန်ထားသည်။

 

ထို့ပြင် စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှုများကိုလည်း ၁၁၄၇ ကြိမ်အထိပြုလုပ်ခဲ့ပြီး အရပ်သားမျအပေါ်ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများအတွင်း လူပေါင်း ၂၇၇ ဦးသေဆုံးကာ ၄၃၁ ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက် ၁၈ နှစ်အောက် သေဆုံးခဲ့ရသည့်ကလေးငယ် ၄၅ ဦးနှင့်အထက်ရှိနေကြောင်းလည်း သိရသည်။

 

စစ်တပ်၏ အရပ်သားများအပေါ်တိုက်ခိုက်မှုများတွင်အများဆုံးလုပ်ရပ်မှာ လေကြောင်းမှဖြစ်သည့်အတွက် ချက်ခြင်းရပ်တန့်နိုင်ရန် နိုင်ငံတကာအသိုင်းဝိုင်းအနေဖြင့် စစ်အုပ်စုဆီ စီးဝင်နေသည့် လေယာဉ်ဆီ ထောက်ပံ့ရေးလမ်းကြောင်းများနှင့် ငွေကြေးအရင်းမြစ်များကို ထိရောက်စွာအရေးယူပေးရန်လည်း NUG က တောင်းဆိုထားသည်။

 

ထို့ပြင် လူ့အခွင့်ရေးဝန်ကြီးဌာနအနေဖြင့် စစ်အုပ်စုကျူးလွန်ခဲ့သည့် လူ့အခွင့်ရေးချိုးဖောက်မှုဖြစ်စဉ်များစွာအနက် နိုင်ငံတကာတရားရုံးများတွင်တရားစွဲဆိုနိုင်လောက်သည်အထိ ကြီးမားသည့် အမှုပေါင်း ၆၃၂၁ မှုကိုစီစစ်ကာ အမှုတွဲပေါင်း ၅၆၀ မှုကို သက်သေအပြည့်စုံနှင့်တကွ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား(IIMM) ထံပေးပို့ထားကြောင်းလည်း ထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်