နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၄ ရက်

အာဏာသိမ်း စစ်အုပ်စုကို အသွင်ပြောင်း ရွေးတုအစိုးရအဖြစ် အကောင်အထည်ဖော်ရာတွင် အိမ်ဖြည့်ပါဝင်ကြသည့် နိုင်ငံရေးပါတီများကို ချုပ်ကိုင်ထိန်းချုပ်သွားရန်အတွက် ဗဟိုအလုပ်အမှုဆောင် ဖွဲ့စည်းပုံ၊ ပါတီစည်းမျဉ်းနှင့် နိုင်ငံရေးမူဝါဒ သဘောထားများအား တင်ပြ၍ အတည်ပြုချက် ရယူရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

ရွေးတုအစိုးရ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC) က ၎င်းတို့အသိအမှတ် ပြုထားသော နိုင်ငံရေးပါတီများအား ရည်ညွှန်း၍ ဇူလိုင် ၂ ရက် ရက်စွဲဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများကို စတုတ္ထအကြိမ် ပြင်ဆင်ရာတွင် ယခုကဲ့သို့ထိန်းချုပ်လာခြင်းဖြစ်သည်။

“အခုနိုင်ငံရေးပါတီတွေကို ပိုမိုပြီးတော့ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်တယ်ဆိုတာက နိုင်ငံရေးပါတီတစ်ခုရဲ့ ရပ်တည်ခွင့်နဲ့ ဒီမိုကရေစီ အခွင့်အရေးကို လုံးဝလှုပ်ရှားခွင့် မရှိဘူးဆိုတဲ့ သက်သေသာဓကပဲ ဖြစ်ပါတယ်” ဟု လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဘက်အတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက ‌ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုထုတ်ပြန်ချက်အရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေပုဒ်မ – ၂၄ (က)(ခ)(ဂ)(ဃ) နှင့် ပုဒ်မ – ၂၅ (စ) တို့ကို ပြောင်းလဲလိုက်ပြီး မူလပြဋ္ဌာန်းထားမှုနှင့် နှိုင်းယှဉ်လျှင် ယခုအပြောင်းအလဲသည် ပါတီများ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်အား သိသိသာသာ ပိုမိုတင်းကျပ် ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုပြောင်းလဲလိုက်သော နည်းဥပဒေ ၂၄ – (က) တွင် ပါတီတစ်ခုသည် မိမိတို့ ဖွဲ့စည်းပုံစည်းမျဉ်းကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်း (သို့မဟုတ်) အသစ်ရေးဆွဲခြင်းနှင့် နိုင်ငံရေးမူဝါဒ သဘောထားများအား ပြင်ဆင်လိုပါလျှင် ယင်းအချက်များကို UEC ထံ တင်ပြရမည်ဖြစ်ပြီး စီစစ်ခွင့်ပြုမှသာ အတည်ဖြစ်မည်ဟု ပါရှိသည်။

ယင်းအပြင် နည်းဥပဒေ ၂၄ – (ခ) နှင့် (ဂ) တွင် ပါတီမှတ်ပုံတင်ခွင့်ရပြီး ရက်ပေါင်း (၃၀) အတွင်း ပါတီစည်းမျဉ်းနှင့်အညီ (၁၅) ဦးထက်မနည်းသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အမည်စာရင်းအား တင်ပြရမည်ဖြစ်ကာ အပြောင်းအလဲရှိပါလျှင် (၇) ရက်အတွင်း UEC ထံသို့ အကြောင်းကြားရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့အတူ ၂၄ (ဃ) နှင့် ၂၅ (စ) တွင်လည်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် အရည်အချင်းနှင့် ပြည့်စုံသူများကိုသာ ပါတီနာယက၊ ဗဟိုအဖွဲ့ဝင်အဖြစ် ခန့်အပ်ရမည်ဖြစ်ပြီး အလိုအလျောက် ပယ်ဖျက်ခံရသောပါတီကို ကိုယ်စားပြု၍ ရွေးကောက်ခံ ကိုယ်စားလှယ်၏ ဆက်လက်ရပ်တည်ပိုင်ခွင့်အား ၎င်းတို့သာ ဆုံးဖြတ်သတ်မှတ်မည်ဟု ဆိုသည်။

ယခင်ပြဋ္ဌာန်းမှုတွင် ပါတီတစ်ခုသည် မိမိပါတီစည်းမျဉ်းကို ပြင်ဆင်ခြင်း (သို့မဟုတ်) ဗဟို CEC အဖွဲ့ဝင်များ လဲလှယ်ခြင်း ပြုလုပ်လိုလျှင် ပါတီတွင်း ဆုံးဖြတ်ချက်အတိုင်း လွတ်လပ်စွာဆောင်ရွက်ပြီး UEC ထံသို့ အကြောင်းကြားစာပေးပို့ မှတ်တမ်းတင်ရုံသာ ဖြစ်၍ ယင်းတို့၏ အတည်ပြုချက်ရရန် မလိုအပ်ကြောင်း သိရသည်။

ပါတီဗဟိုအလုပ်အမှုဆောင် (CEC) အဖွဲ့ဝင် အမည်စာရင်း တင်ပြရမည့် ရက်ကိုလည်း ယခုလောက်ထိ တင်းကျပ်သော ရက်တိုကန့်သတ်ချက်မျိုး သီးခြားမရှိဘဲ အထွေထွေ အပြောင်းအလဲများ ရှိမှသာလျှင် ပုံမှန်အကြောင်းကြားရလေ့ရှိကာ ယခုအခါ မဖြစ်မနေ တင်ပြရမည်ဖြစ်ကြောင်း ရွေးတုအစိုးရ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ကိုယ်စားလှယ်နှင့် နာယကများ၏ အရည်အချင်း သတ်မှတ်ချက်သည် မိမိတို့ပါတီဝင်များထဲမှ သင့်တော်သူ၊ ပါတီက ယုံကြည်သူများကို စိတ်ကြိုက်ခန့်အပ်ခွင့် ရှိခဲ့သော်လည်း ယခုအခါ ပါတီတွင်း တာဝန်များအထိပါ ပါဝင်စွက်ဖက် သတ်မှတ်လာခြင်းဖြစ်ကြောင်း အကဲခတ်များက ထောက်ပြသည်။

အလားတူ ယခင်က ပါတီပယ်ဖျက်ခံရလျှင် ထိုပါတီမှ ရွေးကောက်ခံရ ကိုယ်စားလှယ်များသည် အလိုအလျောက် သီးခြား (တစ်သီးပုဂ္ဂလ) ကိုယ်စားလှယ်အဖြစ် ပြောင်းလဲရပ်တည်ခွင့် (သို့မဟုတ်) အခြားပါတီသို့ ကူးပြောင်းခွင့် ရှိ၊မရှိကိုမူ ဥပဒေကြောင်းအရ အခြေခံအခွင့်အရေးအဖြစ်သာ စဉ်းစားလေ့ရှိကြောင်း သိရသည်။

ဓာတ်ပုံ-MOI