ဧရာဝတီတိုင်းမ်
(အုတ်ဖို)၊ ဇူလိုင် ၄ ရက်
ပဲခူးတိုင်း(အနောက်ခြမ်း)၊ အုတ်ဖိုမြို့နယ်အတွင်း လှည့်လည်စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးသွားပြီးနောက် ပြန်ဆုတ်ခွာသွားသည့်စစ်တပ်က လက်ရှိတွင် ထပ်မံစစ်ကြောင်းထိုးကာ ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား သွေးထိုးလှုံ့ဆော်မှုများပြုလုပ်ကာ စည်းရုံးရေးဆင်းနေကြောင်းသိရသည်။
ရွေးတုအစိုးရလက်အောက်ခံ စစ်ကြောင်းများမှာ ပြီးခဲ့သည့် မေ နှင့် ဇွန် လများအတွင်းက အုတ်ဖိုမြို့နယ် အရှေ့ဘက်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးမီးတွေရှို့ကာ ဒေသခံများ၏ပိုင်ဆိုင်မှုပစ္စည်းများကိုလည်း အဓမ္မယူဆောင်ကာ စစ်ကြောင်းပြန်ဆုတ်သွားပြီးနောက် ၎င်းတို့ဝင်ရောက်ဖျက်ဆီးခြင်းမပြုရေသးသည့် ကျေးရွာများသို့ ပြန်ဝင်ရောက်လာကာ စည်းရုံးရေးဆင်းနေခြင်းဖြစ်ငည်။

“ပြည်သူတွေကိုအချိုသတ်ပြီးစည်းရုံးနေပါတယ်။ ပြည်သူတွေအနေနဲ့ သူတို့ကို(စစ်တပ်) မကြောက်ပါနဲ့၊ သူတို့ကPDF တွေကိုသာတိုက်ခိုက်တာပါပေါ့။ ပြည်သူတွေအနေနဲ့ ကိုယ်လုပ်ရမယ့်အလုပ်တွေကိုသာပြန်လုပ်ပါ။ သူတို့ကပြည်သူတွေကိုဘာမလုပ်ပါဘူးပေါ့။ သူတို့သတ်လို့သေတဲ့ပြည်သူတွေကြတော့ PDF တွေက လုပ်သလိုမျိုးအသွင်၊ PDF နဲ့ပတ်သက်လို့ဆိုတဲ့ ပုံချတဲ့စကားတွေပြောပါတယ်” ဟု အုတ်ဖိုဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း ရေတာကျေးရွာမှ ဒေသခံတစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့များနှင့် ပါတ်သက်သည်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး သာမာန်ပြည်သူဖြစ်နေသည့်အတွက် ပြန်လွှတ်ပေးခဲ့သော်လည်း ခန္ဓာကိုယ်တစ်ခုလုံး ဓါးများဖြင့်မွှန်းကာ ညှင်းပန်းနှိပ်စက် ခံထားရသည့်အတွက် လက်ရှိတွင်ဆေးရုံသို့ပို့ဆောင်ထားရသည်။
ထို့ပြင် ပြီးခဲ့သည့် ဇွန် ဒုတိယအပါတ်အတွင်းကလည်း စစ်တပ်က ၎င်းတို့နှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့မှုရှိခဲ့သည့် ထန်းပင်ကုန်းကျေးရွာကိုလည်း မီးရှို့မှုခဲ့ကာ ဒေသခံများနှင့် ရန်တိုက်ရန် စီစဉ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
အုတ်ဖိုမြို့နယ်အတွင်း စစ်တပ်က မေလမှစတင်ကာ စစ်ကြောင်းထိုးမှုအတွင်း ဒေသခံ ခုနှစ် ဦးအသတ်ခံခဲ့ရပြီး ချောင်းဂွရွာ၊ ဇီးတောရွာ၊ ထန်းပင်ကုန်းရွာ၊ ကျွန်းလှကုန်းရွာတို့မှ နေအိမ်ရာနှင့်ချီ မီးရှို့ခံရကာ လက်ရှိအချိန်အထိဒေသခံများမှာ စစ်ဘေးရှောင်တိမ်းနေရကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်