ဧရာဝတီတိုင်းမ်
ဇူလိုင် ၄ ရက်

 

ပဲခူးတိုင်း အနောက်ခြမ်း ပန်းတောင်းမြို့နယ် ဇွန် ၃၀ ရက်နေ့က မသုန်အခြေစိုက် ကပစ (၁၆) စက်ရုံအတွင်းရှိ အလုပ်ရုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ပေါက်ကွဲမှုကြောင့် ရွေးတုအစိုးရစစ်တပ်မှ ပညာရှင်စစ်သည် တစ် ဦး သေဆုံးပြီး၊ သုံး ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သဖြင့် တပ်မတော်ဆေးရုံကြီး (တဆက ၁/ ၁၀၀၀) သို့ ပို့ဆောင်ထားရကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရသည်။

 

အဆိုပါ ပေါက်ကွဲမှုနှင့်ပတ်သက်၍ ကပစ (၁၆) စက် ရုံမှူး ကာနယ် အောင်နေထွန်းမှ သတင်းများ ဖုံးကွယ်ထားကြောင်း သိရပြီး၊ ယင်းဖြစ်စဉ်သည် မတော်တ ဆမှုကြောင့် သို့မဟုတ် AA နှင့်ပူးပေါင်းတပ်တို့၏ တိုက်ခိုက်မှုကြောင့်လား ဆိုသည်ကို သတင်းဌာနအနေဖြင့် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ် ညောင်ကျိုးဒေသတွင် ဒေသကွပ်ကဲရေးမှူး စိန်မြလင်း ကိုယ်တိုင်ဦးစီး၍ လက်ရှိတွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

 

ယင်းတိုက်ပွဲများအတွင်း ကပစ ၅ နှင့် ကပစ ၁၆ ရှိ အမြောက်စခန်းများမှနေ၍ ဇွန် ၁ ရက်နေ့ကတည်းက လက်နက်ကြီးများဖြင့် တောက်လျှောက် ပစ်ကူပေးနေကြောင်း စစ်ရေးသတင်းရင်းမြစ်ကဆိုသည်။

 

လက်ရှိ ပန်းတောင်းမြို့နယ်မှူး (ကပစ ၅ စက်ရုံမှူး) မှာ ကာနယ် ဇော်ထွန်းဦး ဖြစ်ပြီး၊ ၎င်းသည် ရခိုင်ပြည်နယ်တွင် တပ်စုမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ခြေလျင်ပြောင်းအရာရှိ တစ်ဦးဖြစ်‌ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က အတည်ပြုပြောဆိုသည်။