ဧရာဝတီတိုင်းမ်
ဇူလိုင် ၃ ရက်
မြန်မာနိုင်ငံအတွင်းသို့ ဘယ်လာရုစ် စီးပွားရေးလုပ်ငန်းများ ပိုမိုဝင်ရောက်လာစေရန် ရည်ရွယ်၍ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံကြား ဝင်ငွေအပေါ် အခွန်နှစ်ထပ်ကျသင့်မှု ရှောင်ရှားရေးစာချုပ်ကို ချုပ်ဆို လိုက်သဖြင့် ရွေးတုအစိုးရက ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် မျှော်မှန်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ သဘောတူစာချုပ်ကို ချုပ်ဆိုခြင်းဖြင့် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံသူများအတွက် တည်ငြိမ်သည့် စီးပွားရေးနှင့် အခွန်စနစ် ပတ်ဝန်းကျင်တစ်ခု ဖြစ်ပေါ်လာပြီး ကုန်သွယ်မှု တိုးတက်လာနိုင်ကြောင်း ရွေးတုအစိုးရ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းက ပြောကြားသည်။

ယခု စာချုပ်ချုပ်ဆိုမှုသည် ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို၏ ယမန်နေ့ ဇူလိုင် ၂ ရက်နေ့က ပြုလုပ်ခဲ့သော မြန်မာနိုင်ငံ ခဏတာလာရောက်သည့် တစ်ရက်တာ ခရီးစဉ်အတွင်း ပေါ်ပေါက် လာခြင်း ဖြစ်သည်။
ခရီးစဉ်အတွင်း ဘယ်လာရုစ်သမ္မတသည် ရွေးတုသမ္မတ မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပြီး ယခု တွေ့ဆုံမှုသည် နှစ်ဦးအကြား ငါးကြိမ်မြောက် တွေ့ဆုံမှုဖြစ်ကာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုမြှင့်တင်ရန် ဆွေးနွေးခဲ့ကြသည်။
လက်ရှိတွင် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများ ကြုံတွေ့နေရသည့် အဆိုပါ မြန်မာ နှင့် ဘီလာရုစ် အာဏာရှင်နိုင်ငံ နှစ်နိုင်ငံသည် စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဆေးဝါးထုတ်လုပ်ရေးကဏ္ဍနှင့် လူသား ချင်း စာနာထောက်ထားမှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် ပြင်ဆင်လာခြင်း ဖြစ်သည်။
ရွေးတုအစိုးရလက်အောက်ရှိ စီး/ကူးဝန်ကြီးဌာန၏ အချက်အလက်များအရ လက်ရှိတွင် ဘယ်လာရုစ် နိုင်ငံမှ လယ်ယာသုံး ထွန်စက်များ၊ မော်တော်ယာဉ် အပိုပစ္စည်းများ၊ နို့ထွက်ပစ္စည်း၊ အသားနှင့် ဆေးဝါးများကို မြန်မာနိုင်ငံသို့ တင်သွင်းနေပြီး မြန်မာနိုင်ငံဘက်မှလည်း လယ်ယာထွက်ကုန် အချို့ကို ပြန်လည်တင်ပို့နေသည်။
ဓာတ်ပုံ – MOI