ဧရာဝတီတိုင်းမ်
ဇူလိုင် ၃ ရက်
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းနှင့် တောင်တရုတ်ပင်လယ်ပြင်ရှိ အပူပိုင်းမုန်တိုင်း ‘မိုင်ဆက်ခ်’ အရှိန်ကြောင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးကြီးခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ယနေ့ ဇူလိုင် ၃ ရက်နေ့တွင် ထုတ်ပြန် ထားသည်။
လက်ရှိတွင် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ဆက်စပ်နေသည့် အိန္ဒိယနိုင်ငံ ဩရိဿ ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်သည့် အခြေအနေတွင် ရှိနေသည်။

ထို့ပြင် မြန်မာနိုင်ငံအရှေ့ဘက် တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်း ‘မိုင်ဆက်ခ်’ သည်လည်း လာမည့် ၂၄ နာရီအတွင်း ဟိုင်နန်ကျွန်းကို ဖြတ်ကျော်နိုင်ကြောင်း မိုး/ဇလ၏ ခန့်မှန်းချက်အရ သိရသည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းနှင့် အပူပိုင်းမုန်တိုင်းတို့၏ အရှိန်အဟုန်ကြောင့် လာမည့်နှစ်ရက်အတွင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။
ထို့ပြင် အချို့တိုင်းနှင့် ပြည်နယ်များ၌ မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိသောကြောင့် မိုးရွာသွန်း ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သဖြင့် ကြိုတင်သတိပြုကြရန် နှိုးဆော်ထားသည်။
ပင်လယ်ပြင်ခရီးသွားလာမှုများနှင့် ပတ်သက်၍လည်း မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း မိုး/ဇလက သတိပေးထားသည်။
မိုးသက်လေပြင်းကျရောက်စဉ် ရေပြင်နှင့် မြေပြင်လေသည် တစ်နာရီလျှင် ၃၀ မိုင်မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၉ ပေမှ ၁၁ ပေခန့်အထိ ရှိလာနိုင်ကြောင်း သိရသည်။
ဓာတ်ပုံ – မိုး/ ဇလ