ဧရာဝတီတိုင်းမ်
ဇူလိုင် ၃ ရက်

 

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်တွင် ရွေးတုအစိုးရစစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၁၀ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ယနေ့ ထုတ်ပြန်သည်။

 

ဇူလိုင် ၂ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်မှ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်အထိ မလှိုင်မြို့နယ်၊ အိမ်ကြီးတောကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် ရွေးတုအစိုးရ စစ်တပ် လက်အောက်ခံ ရဲတပ်ရင်း (၈)၊ တပ်ခွဲ (၁) မှ ဒုတိယရဲမှူးကြီး ဇော်ဝင်းထိန် ဦးစီးသော အင်အား ၁၁၀ ပါ စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ တိုက်ပွဲအတွင်း စစ်တပ်ဘက်က Mi-35 တိုက် ခိုက်ရေးရဟတ်ယာဉ် နှစ် စီးဖြင့် အနီးကပ်လေကြောင်း ပစ်ကူပေးခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့များ၏ ခုခံတိုက်ခိုက်မှုကြောင့် စစ်တပ်ဖွဲ့ဝင် နှစ် ဦး မျက်မြင်သေဆုံးကာ ၁၀ ဦးမှာမူ လက်နက်ချအညံ့ခံခဲ့သဖြင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့ထံမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများမှာ လက်နက်နှင့် စိန်ပြောင်းမျိုးစုံ ၂၀ လက်၊ ဒရုန်းနှင့် ဆက်စပ်ပစ္စည်းများ၊ ခဲယမ်းမီးကျောက်မျိုးစုံ တို့ဖြစ်ကြောင်း သိရသည်။အဆိုပါ တိုက်ခိုက်မှုကို မန္တလေးတိုင်းစစ်ဌာနနှင့် မြင်းခြံခရိုင်စစ်ဌာနတို့၏ ကွပ်ကဲမှုဖြင့် မြင်းခြံခရိုင်စစ်ဌာန တပ်ရင်းများ၊ မိတ္ထီလာခရိုင် အမှတ်(၂)တပ်ရင်း၊ မြင်းခြံခရိုင် ပကဖ၊ နွားထိုးကြီးမြို့နယ် ပကဖ နှင့် မလှိုင်မြို့နယ် ပကဖ (TTA ပြောက်ကျားတပ်ဖွဲ့) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

 

မလှိုင်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က နွားထိုးကြီးနှင့် တောင်သာမြို့နယ်များရှိ ကျေးရွာများကို လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဇူလိုင် ၂ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်ခန့်တွင် ညောင်ဦးလေတပ်မှ တက်လာသော Gyrocopter နှစ် စီးဖြင့် နွားထိုးကြီးမြို့နယ်၊ အိုးပုံတောရွာသို့ ဗုံးသီး လေးလုံးကို နှစ်ကြိမ်ခွဲ၍ ကြဲချခဲ့ရာ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီး အရေအတွက်ကို စိစစ်နေဆဲ ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

 

ထို့အပြင် အိုးပုံတောရွာနှင့် တောင်သာမြို့နယ်၊ လှည်းကူးမရွာတို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။