ဧရာဝတီတိုင်းမ်
ဇူလိုင် ၃ ရက်

နေပြည်တော်သို့ နေ့ချင်းပြန်လာရောက်ခဲ့သည့် အာဏာရှင် ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန် ကိုက ဘဝတူ အာဏာသိမ်း ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံကာ ပူးပေါင်းမှုများ မြှင့်တင်ရေး အတွက် ခြေလှမ်းသစ် စမည်ဟု ပြောဆိုသွားကြောင်း ရွေးတုအစိုးရက ထုတ်ပြန်သည်။

အာဏာရှင် ဘီလာရုစ်သမ္မတ၏ ခရီးစဉ်ကို ရွေးတုအစိုးရက ဂုဏ်ယူဝံ့ကြွားစွာ ကြိုတင်ထုတ်ပြန် ထားသော် လည်း ရုရှား၊ တရုတ်နှင့် အင်ဒိုနီးရှား နိုင်ငံများသို့ သွားရောက်မှုအပြီး နေပြည်တော်ကို ယမန်နေ့ ဇူလိုင် ၁၃ ရက်၊ ညပိုင်းက လမ်းကြုံသဘောမျိုးဆန်ဆန် ဝင်ရောက်လာခြင်းမျိုးဖြစ်ကြောင်း သိရသည်။

ဘီလာရုစ်သမ္မတသည် နေပြည်တော်သို့ ညပိုင်းရောက်ရှိလာစဉ်ပင် ရွေးတုသမ္မတနှင့် ချက်ခြင်း တွေ့ဆုံ၍ ၎င်းတို့အကြား ဆက်ဆံရေးကို ယခုထက်ပိုမို မြှင့်တင်သွားနိုင်ရေး နောက်ထပ်ခြေလှမ်းသစ် စတင်ရမည့်အချိန်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် ၂၀၂၆-၂၀၂၈ ခုနှစ်အတွက် ပူးတွဲဆောင်ရွက်မည့် လုပ်ငန်းစီမံချက်ကို လက်တွေ့ အကောင်အထည် ဖော်ဆောင်သွားမည့် လုပ်ငန်းအစီအမံများ၊ စီးပွားရေးဆိုင်ရာ ပူးပေါင်းမှုနှင့် ရင်းနှီးမြှုပ်နှံမှု စသည်တို့ တိုးမြှင့်သွားရေး ဆွေးနွေးခဲ့ကြောင်း ရွေးတုအစိုးရက ဆိုထားသည်။

ဘီလာရုစ်သမ္မတ၏ ယခုမြန်မာ့ခရီးစဉ်သည် စစ်အုပ်စုမှ အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ်ဖြစ်ပြီး နိုင်ငံတကာ အရေးယူဒဏ်ခတ် ပိတ်ဆို့ခံထားရသော ဘဝတူ အာဏာရှင်နိုင်ငံချင်း ဖေးမကူညီ ပိုမို ပေါင်းဖက် မှုမျိုးဖြစ်ကြောင်း နိုင်ငံရေး၊ စစ်ရေး အကဲခတ်များက ထောက်ပြသည်။

အရှေ့ဥရောပရှိ ကုန်းတွင်းပိတ် နိုင်ငံဖြစ်သော ဘီလာရုစ်သမ္မတသည် ၁၉၉၄ ခုနှစ်မှစတင်၍ အာဏာရှင်စနစ်ဖြင့် မိသားစုလိုက် အုပ်ချုပ်နေသောကြောင့် ရွေးတုအစိုးရကဲ့သို့ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံများက အရေးယူဒဏ်ခတ် ပိတ်ဆို့ထားသည်။

ထို့အပြင် ၎င်းသည် ရုရှား၊ ယူကရိန်း၊ ပိုလန်၊ လစ်သူယေးနီးယား၊ လတ်ဗီယာနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ပိတ်ဆို့များကို ကျော်လွှားသွားနိုင်ရန် ရုရှား၊ တရုတ်တို့ ဦးဆောင်မှုနောက်လိုက်၍ စစ်လက်နက်၊ လေယာဉ်၊ နည်းပညာတို့အား ရုရုားထံမှ ဝယ်ယူနေကြောင်း သိရသည်။

ယင်းနည်းတူ စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရသည်လည်း ရုရှားတွင်သာမက စစ်လက်နက်၊ လေယာဉ်၊ နည်းပညာများကို ဘီလာရုစ်ဆီကပါ ဝယ်ယူနေသလို ၎င်းမှတစ်ဆင့် လေယာဉ် ပြုပြင်မွမ်းမံမှုများအား ရုရှားနိုင်ငံသို့ ပို့ဆောင်နေကြောင်း စစ်တပ်အသိုင်းအဝိုင်းထံက သိရသည်။

ဓာတ်ပုံ – MOI