ဧရာဝတီတိုင်းမ်
ဇူလိုင် ၃ ရက်
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း မုဒါဟန်ခရိုင်တွင် ယမန်နေ့ ဇူလိုင် ၂ ရက်နေ့က မိဘများမသိအောင် အသက် ၁၁ နှစ်အရွယ် ကလေးငယ် ခိုးမောင်းလာသည့် ပစ်ကပ်ကားတစ်စီးက လမ်းလျှောက် ဘုရားဖူး ကြွနေသည့် သံဃာ တော်များကို နောက်ကွယ်မှ အရှိန်ပြင်းစွာ ဝင်တိုက်မိခဲ့သည့် ဖြစ်စဉ်ကြောင့် လက်ရှိတွင် ပျံလွန်တော်မူရသည့် သံဃာတော် အရေအတွက် ၁၀ ပါးအထိ တိုးလာကြောင်း သိရသည်။
ရဟန်းတော် ၃၅ ပါးနှင့် လူပုဂ္ဂိုလ် ငါး ဦးမှာ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း မုဒါဟန်ခရိုင်မှ ဥဘွန်ရချာ သနီခရိုင်သို့ လမ်းလျှောက်ခရီးဖြင့် ဘုရားဖူးထွက်ခွာလာစဉ်တွင်ပင် ယခုကဲ့သို့ ကားတိုက်ခံခဲ့ရခြင်း ဖြစ်သည်။
သံဃာတော်များ ခရီးစတင်ထွက်ခွာပြီး မိနစ် ၃၀ ခန့်အကြာ မုဒါဟန်-ဒုန်တန် လမ်းမကြီးဘေး တစ်နေရာ အရောက်တွင် အဆိုပါ ယာဉ်တိုက်မှု ဆိုးဆိုးရွားရွား ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သံဃာတော် ငါး ပါးမှာ အခင်း ဖြစ်ပွားရာနေရာ၌ပင် ပွဲချင်းပြီး ပျံလွန်တော်မူခဲ့ပြီး ကျန် ငါး ပါးမှာမူ ဆေးရုံ၌ ဆေးကုသမှုခံယူရင်း ထပ်မံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

ပုံမှန်စိတ်မရှိသူ (ဉာဏ်ရည်မမှီသူ) ဟု သတ်မှတ်ခံထားရသည့် အသက် ၁၁ နှစ်အရွယ် ထိုင်းကလေး ငယ်တစ်ဦးမှာ မိဘများမသိခင် ၎င်းတို့၏ ပစ်ကပ်ကားကို ခိုးယူမောင်းနှင်လာစဉ် ရဟန်းတော်များကို တိုက်မိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကလေးငယ်မှာ ခွင့်ပြုချက်မရှိဘဲ ကားမောင်းထွက်သွားသည့်အတွက် မိဘများက ကားကို တားဆီးပေးရန် ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့ပြီး လက်ရှိတွင် အဆိုပါ ကလေးငယ်ကို စစ်ဆေး မေးမြန်းနိုင်ရန် ရဲစခန်းသို့ ခေါ်ဆောင်ထားကြောင်းလည်း သိရသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ အမေရိကန်နိုင်ငံတွင် ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဉ်များ ပြုလုပ်ခဲ့သည့် “Walk for Peace” ဆရာတော်များအဖွဲ့ကလည်း လမ်းလျှောက်ဘုရားဖူးခရီးစဉ်အတွင်း ပျံလွန်တော် မူခဲ့သည့် ရဟန်းတော်များအတွက် အလွန်ဝမ်းနည်းကြောင်း သဝဏ်လွှာတစ်စောင် ထုတ်ပြန်ခဲ့သည်။

ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသည့် ရဟန်းတော်များထဲတွင် ပြင်းထန်စွာ ဒဏ်ရာရရှိသူများကို အနီးကပ်စောင့်ကြည့် ကုသပေးနေပြီး အထူးစိုးရိမ်ရသည့် ရဟန်းတော်တစ်ပါးကိုမူ မုဒါဟန်ဆေးရုံမှ ဥဘွန်ရချာသနီဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် ရဲတပ်ဖွဲ့က ယာဉ်တိုက်မှုနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင် နေပြီး ထိခိုက်သူများအတွက် အကူအညီနှင့် လျော်ကြေးငွေများ ပေးဆောင်နိုင်ရန် လုပ်ဆောင် နေကြောင်း သိရသည်။
ကိုးကား – Khaosod English