ဧရာဝတီတိုင်းမ်
ဇူလိုင် ၃ရက်
ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းမြေ၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာနှင့် ကောင်းစံကျေး ရွာကြားရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် ယနေ့နံနက်ပိုင်းက မြေစာပုံထပ်မံပြိုကျမှုဖြစ်ပွားပြီး လူ ခုနစ် ဦးထက်မနည်း မြေစာအောက်ပိတ်မိကာ သေဆုံးမှုများရှိနေကြောင်း ဒေသခံများထံမှ သိရ သည်။
အဆိုပါ မြေစာပုံပြိုကျမှုသည် ယနေ့ ဇူလိုင် ၃ ရက် နံနက် ၉ နာရီ ၃၀မိနစ် ဝန်းကျင်ခန့်တွင် နမ့်မှော်နှင့် ကောင်းစံကျေးရွာကြားရှိ စိန်လုံအနီး ကုမ္ပဏီလုပ်ကွက်တစ်ခု၌ ကုမ္ပဏီဝန်ထမ်းများ ကျောက်တူး ဖော်နေစဉ် ရုတ်တရက်ပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
”ဘက်ဖိုး နှစ်စီးပိတယ်။ ပထမဝိုင်းဆယ်တော့ လေးယောက်အလောင်းရတယ်။ အခုသိရသလောက် ခုနစ် ယောက်လောက် ပါသွားတယ်” ဟု ဒေသခံသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြေစာပုံပြိုကျမှုကြောင့် ကျောက်တူးရာတွင် အသုံးပြုသည့် ဘက်ဟိုးမြေတူးစက်များ မြေပိပါရှိ သွားသည့်အပြင် လုပ်ကွက်အတွင်း လုပ်ကိုင်နေသည့် ကုမ္ပဏီဝန်ထမ်းနှင့် ကျောက်တူးဖော်သူ ခုနစ် ဦးခန့် မြေစာအောက်သို့ ပိမိသွားခဲ့ပြီး အနည်းဆုံး လူ ငါး ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အစောပိုင်း ဖော်ပြသည့် ဒေသတွင်းသတင်းများက ဆိုသည်။
လက်ရှိတွင် မြေစာအောက်၌ ပိတ်မိကျန်ရစ်သည့် ရုပ်အလောင်းများနှင့် လူနာများကို ရှာဖွေ ကယ်ဆယ်နိုင်ရန်အတွက် လူမှုကူညီရေးအသင်းတို့အပြင် ဒေသခံပြည်သူများပါ ပူးပေါင်းကာ မြေစာ များတူးဆွ၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အပူတပြင်း လုပ်ဆောင်နေကြကြောင်း သိရသည်။
ဖားကန့်ဒေသတွင် မိုးရာသီရောက်တိုင်း ယခုကဲ့သို့ စည်းကမ်းမဲ့စွန့်ပစ်ထားသည့် မြေစာပုံများ ပြိုကျ မှုကြောင့် လူသေဆုံးမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
ဖားကန့်တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် မြေသားများခိုင်ခန့်မှုမရှိဘဲ မြေပြိုကျမှုများ ဆက်တိုက်ဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဇွန် ၂၈ ရက်နေ့ကလည်း နမ့်မှော်ကျေးရွာရှိ “သုံးသိန်းမှော်” တွင် မြေစာပုံပြိုကျမှု တစ်ကြိမ်ဖြစ်ပွားခဲ့သေးသည်။
အဆိုပါဖြစ်စဉ်တွင် ရေမဆေးကျောက်ရှာဖွေသူ ၁၀ ဦးခန့် ပျောက်ဆုံးခဲ့ပြီး ၎င်းတို့အနက် ရေမဆေး ကျောက်ရှာဖွေသူ ခုနစ် ဦး၏ ရုပ်အလောင်းများကိုသာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ရကြောင်း သိရသည်။
ပုံစာ-မြေစာပုံပြိုကျမှု မြင်ကွင်း။