‎ဧရာဝတီတိုင်းမ်
‎ဇူလိုင် ၃ ရက်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းရှိ စစ်သုံ့ပန်းများ ထိန်းသိမ်းထားရာ စခန်းကို ‌ရွေးတုအစိုးရစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် စစ်သုံ့ပန်းများသေဆုံးခဲ့ကြောင်း သိရသည်။
‎‌လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်းဖြစ်သူ ဗိုလ်ကြီးအဆင့်ရှိ အရာရှိတစ်ဦး အပါအဝင် စုစုပေါင်း လေးဦးမှာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း အဆိုပါအကျဉ်းထောင်တွင် တာဝန်ကျနေသည့် ထောင်အရာရှိတစ်ဦးက အတည်ပြုပြောကြားသည်ဟု Arakan Princess Media ကဖော်ပြသည်။
ယမန်နေ့ ဇူလိုင် ၂ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ရွေးတုအစိုးရစစ်တပ်သည် အဆိုပါ ကြိမ်ချောင်း စစ်သုံ့ပန်းအကျဉ်းထောင်ကို လေကြောင်းမှတစ်ဆင့် ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ဗုံးသီး ၃၃လုံးအထိ ကြဲချခဲ့သည်။
‎”စစ်သုံ့ပန်းထားတဲ့နေရာတွေကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေတာမှာ အချက်အလက်တွေအရ စစ်သုံ့ပန်းသေဆုံးမှု ၂၀၀ ကျော်နေပြီ။ အမ်းက ဒါးလက်ချောင်းသုံ့ပန်းစခန်းဖြစ်စဉ်ကတော့ အစုလိုက်အပြုံလိုက်သေခဲ့ရတာပေါ့။ အခုဆို မောင်တောကို နှစ်ရက်ဆက်တိုက်ဗုံးကြဲတယ်။ ရည်ရွယ်ချက်ရှိရှိလုပ်နေတာပါ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
‎ရွေးတုအစိုးရစစ်တပ်သည် အဆိုပါ အကျဉ်းထောင်ကို တိုက်ခိုက်ရာတွင် လေကြောင်းအင်အားကို အလွန်အကျွံ အသုံးပြုခဲ့ကြောင်း သိရပြီး ညနေ ၃ နာရီမှ ၃နာရီ ၁၃ မိနစ်အတွင်း ဂျက်ဖိုက်တာ တိုက်လေယာဉ်တစ်စီးဖြင့် ခြောက် ကြိမ်တိတိ လာရောက်ပစ်ခတ်ခဲ့ပြီး ပေါင် ၅၀၀ ဗုံးသီး ခြောက်လုံး ကြဲချခဲ့သည်။ထို့ပြင် ညနေ ၃နာရီ ၁၇ မိနစ်မှ ၃နာရီ ၃၂ မိနစ်အထိ Y-12 လေယာဉ်တစ်စီးဖြင့် ငါး ကြိမ်တိုင်တိုင် ထပ်မံဗုံးကြဲခဲ့ပြီး ဗုံးသီး ၂၇ လုံး ပစ်ချခဲ့သည်။
ထို့ကြောင့် ရွေးတုအစိုးရစစ်တပ်အနေဖြင့် အဆိုပါ စစ်သုံ့ပန်းစခန်းကို စုစုပေါင်း ဗုံးသီး ၃၃ လုံးအထိ အသုံးပြုကာ အပြင်းအထန် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
‎ယခုကဲ့သို့ ရည်ရွယ်ချက်ရှိရှိ ဗုံးချတိုက်ခိုက်မှုကြောင့် အကျဉ်းစခန်းအတွင်းရှိ စစ်သုံ့ပန်းများကို ဆေးကုသပေးရန် တာဝန်ပေးအပ်ခြင်းခံထားရသည့် စစ်တပ်မှ ဗိုလ်ကြီး တစ် ဦးနှင့် စစ်သုံ့ပန်း သုံး ဦး၊ စုစုပေါင်း လေး ဦးမှာ နေရာမှာတင် သေဆုံးခဲ့ရသည်။
‎ပြီးခဲ့သည့် ဇူလိုင် ၁ရက်နေ့ကလည်း မောင်တောရှိ စစ်တပ်၏ နယ်ခြားစောင့်တပ် နခခ ၅ နေရာဟောင်းကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သေးသည်။
ဓာတ်ပုံ- APM
ပုံစာ- ဗုံးကြဲခံရသည့် ကြိမ်ချောင်းသုံ့ပန်းစခန်း