ဧရာဝတီတိုင်းမ်
ဇူလိုင် ၃ ရက်
ကျူးဘားသမ္မတ မီဂွယ်ဒီယက်ဇ်ကာနယ်က အမေရိကန်ရဲ့ ဘယ်လိုစစ်ရေးအရ ကြားဝင်စွက်ဖက် မှုကိုမဆို တုံ့ပြန်ဖို့ အဆင်သင့်ရှိနေပြီး ကျူးဘားပြည်သူတွေဟာ အချုပ်အခြာအာဏာကို နောက်ဆုံးသွေး တစ်စက်အထိကာကွယ်သွားမယ်လို့ ကြာသပတေးနေ့က Sky News သတင်းဌာနနဲ့ အင်တာဗျူးမှာ သတိ ပေးလိုက်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မကြာသေးခင်က ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး တုံ့ပြန် ဖို့ မေးမြန်းရာမှာ ဒီယက်ဇ်ကာနယ်က ဝါရှင်တန်အစိုးရဟာ ကျူးဘားနိုင်ငံအပေါ် မီဒီယာတွေကို အသုံးချ ပြီး စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေတာလို့ စွပ်စွဲခဲ့ပြီး ဒါဟာ ကျူးဘားပြည်သူတွေရဲ့ ဂုဏ်သိက္ခာကို စော် ကားတာဖြစ်သလို နိုင်ငံတကာဥပဒေကိုလည်း ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာလို့ ဆိုပါတယ်။
ကျူးဘားအစိုးရအနေနဲ့ အမေရိကန်ရဲ့ တိုက်ခိုက်လာနိုင်ခြေကို လုံးဝတွက်မထားဘဲ အကောင်း ဆုံး ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
“တကယ်လို့ တိုက်ခိုက်မှုတစ်ခု ဖြစ်လာခဲ့ရင် ကျူးဘားပြည်သူတွေဟာ အချုပ်အခြာအာဏာကို ကာကွယ်ဖို့အတွက် ညီညီညွတ်ညွတ်နဲ့ ပြတ်ပြတ်သားသား တုံ့ပြန်သွားမှာပါ။ ကျွန်တော်တို့ စစ်ပွဲကိုမလို လားပေမဲ့ စစ်ပွဲကိုလည်း မကြောက်ပါဘူး” လို့ ၎င်းက ဆိုပါတယ်။
၁၉ ရာစု စစ်ခေါင်းဆောင် အန်တိုနီယိုမာစီယိုရဲ့ ပြောကြားချက်ကို ကိုးကားပြီး ကျူးဘားကို လာ သိမ်းချင်တဲ့သူဟာ သွေးစွန်းနေတဲ့ မြေမှုန်တွေကိုပဲ ရသွားလိမ့်မယ်လို့ ၎င်းက သတိပေးခဲ့ပြီး ဒါဟာ ကြွေး ကြော်သံသက်သက်မဟုတ်ဘဲ ကျူးဘားပြည်သူ သန်းပေါင်းများစွာရဲ့ ခိုင်မာတဲ့ ယုံကြည်ချက်ဖြစ်တယ် လို့ ဖြည့်စွက်ပြောပါတယ်။
ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုကို ဖမ်းဆီးတဲ့ အမေရိကန်ရဲ့ စစ်ဆင်ရေးအတွင်း ကျူးဘား တပ်ဖွဲ့ဝင် ၃၂ ဦး သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ကို ထောက်ပြပြီး အဲဒီလိုသူရဲကောင်းပီသစွာ အသက်ပေးလှူမှုမျိုး ဟာ အခု ကျူးဘားနိုင်ငံထဲမှာဆိုရင် သန်းနဲ့ချီပြီး ရှိလာနိုင်တယ်လို့လည်း သတိပေးခဲ့ပါတယ်။
ဝါရှင်တန်အစိုးရက ဇန်နဝါရီလအတွင်း လောင်စာဆီပိတ်ဆို့မှုနဲ့အတူ တိုးမြှင့်လိုက်တဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေအပေါ်မှာ ကျူးဘားမြေပေါ်မှာ တရုတ် ဒါမှမဟုတ် ရုရှားစစ်အခြေစိုက်စခန်းတွေ ရှိနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး ကျူးဘားမှာ ဘယ်တရုတ်စခန်းမှ မရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။
အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို လူသားတို့သမိုင်းမှာ သက်တမ်းအရှည်ဆုံး ဝိုင်းရံပိတ်ဆို့မှုလို့ ဖော်ပြခဲ့ပြီး ဒါဟာ နိုင်ငံအတွင်း လျှပ်စစ်မီးပြတ်တောက်မှု၊ ဆေးဝါးပြတ်လပ်မှုနဲ့ စီးပွားရေးကျပ်တည်းမှု တွေကို ဖြစ်စေတဲ့အတွက် လူမျိုးတုံးသတ်ဖြတ်မှုမြောက်တဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ နိုင်ငံရေးအကျဉ်းသား တွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်လို့ ကျူးဘားမှာ နိုင်ငံရေးအကျဉ်းသား မရှိကြောင်းနဲ့ ထောင် ကျနေသူတွေဟာ အစိုးရကို ဆန့်ကျင်လို့မဟုတ်ဘဲ ရာဇသတ်ကြီးဥပဒေကို ချိုးဖောက်လို့သာ ဖြစ်တယ် လို့ ပြောပါတယ်။
ဒီလို ဖိအားတွေ ရှိနေပေမယ့်လည်း မိမိတို့ရဲ့ အချုပ်အခြာအာဏာနဲ့ စနစ်အပေါ် လေးစားမှုရှိမယ် ဆိုရင် ဝါရှင်တန်အစိုးရနဲ့ ဘယ်လို ကြိုတင်စည်းကမ်းချက်မှမပါဘဲ ဆွေးနွေးညှိနှိုင်းဖို့ အမြဲတမ်း အသင့်ရှိ နေတယ်လို့ ဒီယက်ဇ်ကာနယ်က ဆိုပါတယ်။
ကိုးကား – Anadolu
Ref; Cuban president warns country will fight ‘to the very last drop of blood’ against any US aggression