ဧရာဝတီတိုင်းမ်
ဇူလိုင် ၃ ရက်
ကရင်ပြည်နယ်အတွင်းရှိ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူနှင့် မြဝတီတောင်ပိုင်းဒေသများတွင် ရွေးတု အစိုးရစစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား စစ်ရေးတင်းမာမှုများ မြင့်တက်လျက် ရှိကြောင်း မြေပြင်သတင်းရင်းမြစ်များအရ သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ ရွေးတုအစိုးရစစ်တပ်၏ အခြေချစစ်ဗျူဟာတစ်ခုအပြင် ခလရ-၃၂ ၊ ခလရ ၂၈၃ နှင့် ခလရ ၂၈၄ တို့ အခြေစိုက်ထားသည်။ ဘုရားသုံးဆူနယ်စပ်မြို့တွင်လည်း ရွေးတု အစိုးရစစ်တပ်ဘက်က အင်အား ၁,၀၀၀ ဝန်းကျင်ခန့်ဖြင့် ဝိုင်းပတ်ပိတ်ဆို့ထားကြောင်း မြေပြင်သတင်း ရင်းမြစ်များက ဆိုသည်။
ဘုရားသုံးဆူမြို့၏ လက်ရှိအခြေအနေမှာ မြေပြင်တွင်တိုက်ပွဲ ပြင်းထန်ခြင်းမရှိသေးသော်လည်း ရွေးတုအစိုးရစစ်တပ်ဘက်က ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနိုင်ခြေရှိနေသည်။ ထို့ပြင် ကော့ကရိတ် မဟာဗျူဟာကုန်းနေရာများကို လေကြောင်းမှတစ်ဆင့် တိုက်ခိုက်ဖိအားပေးလာနိုင်သည်ဟု စစ်ရေး လေ့လာသုံးသပ်သူ များက သုံးသပ်ထားသည်။

“အခု ဖလူးဒေသတိုက်ပွဲက အဆုံးအဖြတ်တိုက်ပွဲ ဖြစ်လာနိုင်ပါတယ်။ ရွေးတုအစိုးရစစ်တပ်ဘက်ကသာ အရေးနိမ့်ခဲ့မယ်ဆိုရင် မြဝတီတောင်ပိုင်းသာမက မြဝတီမြို့ပေါ်အထိ စစ်ရေးဂယက်ရိုက်ခတ် နိုင်ပါတယ်။ နောက်ပြီး ကရင်ပြည်နယ်အရှေ့ခြမ်းတစ်ခုလုံးရဲ့ စစ်ရေးဗျူဟာက တော်လှန်ရေး အင်အား စုတွေဘက်ကို လုံးဝယိမ်းသွားနိုင်တယ်” ဟု စစ်ရေးလေ့လာသုံးသပ်များလုပ်ဆောင်နေသူ CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
အလားတူ မြဝတီမြို့တောင်ဘက် ၁၅ ကီလိုမီတာ (၁၀ မိုင်) ဝန်းကျင်အကွာရှိ ဖလူးနှင့် မင်းလက်ပံ နယ်မြေများတွင် မြေပြင်တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည်။ အဆိုပါ ဖလူးဒေသသို့ ဝေါ်လေ ဗျူဟာစခန်းကုန်းကို တိုက် စစ်ဆင်ခဲ့သည့် တော်လှန်ရေးတပ်ပေါင်းစုများ ရောက်ရှိနေပြီဖြစ်သည်။
ရွေးတုအစိုးရစစ်တပ်ဘက်ကလည်း တပ်အင်အား ၇၀၀ ဝန်းကျင်၊ ရွေးတုအစိုးရစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) နှင့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ပူးပေါင်းအင်အား ၃၀၀ ဝန်းကျင်၊ စုစုပေါင်း အင်အား ၁,၀၅၀ ခန့်ဖြင့် တပ်ပြန်လည်ဖြန့်ကျက် လှုပ်ရှားလာကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
ရွေးတုအစိုးရစစ်တပ်ဘက်က ဖလူးဒေသတွင် ထပ်မံအရေးနိမ့်သွားပါက မြဝတီတောင်ပိုင်းတင်မကဘဲ မြဝတီမြို့ပေါ်အထိ စစ်ရေးဂယက် တိုက်ရိုက်ရိုက်ခတ်သွားမည်ဖြစ်သည်။
အဆိုပါအခြေအနေသည် ရွေးတုအစိုးရအတွက် အချက်အချာကျလှသည့် ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေး ယန္တရားတစ်ခုလုံး လုံးဝလက်လွှတ်ရမည့်အခြေအနေသို့ ဆိုက်ရောက်သွားနိုင်သည်ဟု စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက ဆိုသည်။
ဓာတ်ပုံ-လူမှုကွန်ရက်(ပုံဟောင်း)