ဧရာဝတီတိုင်းမ်
ဇူလိုင် ၃ ရက်

ယူကရိန်းကို စတင်ကျူးကျော်ခဲ့ချိန်ကစလို့ ရုရှားတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးသူပေါင်း ၁ ဒသမ ၄ သန်းခန့် ရှိခဲ့ပြီလို့ အမေရိကန်အခြေစိုက် သုတေသနအဖွဲ့တစ်ခုက ပြောကြားလိုက်ပြီး အဲဒီစာရင်းထဲမှာ စစ်မြေပြင်အတွင်း သေဆုံးသူ ၄၅၀,၀၀၀ အထိ ပါဝင်နေတယ်လို့ ဆိုပါတယ်။

မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဗဟိုဌာန (CSIS) ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ ပြီးခဲ့တဲ့ လအထိ ကာလအတွင်း ခန့်မှန်းချက်တွေကို ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်းတပ်ဖွဲ့မှာလည်း သေဆုံးသူ ၁၅၀,၀၀၀ အထိ ပါဝင်တဲ့ ထိခိုက်သေဆုံးသူစုစုပေါင်း ၅၂၅,၀၀၀ နဲ့ ၆၂၅,၀၀၀ ကြား ရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီနှစ် ပထမခြောက်လပတ်အတွင်းမှာ ယူကရိန်းဘက်က တိုက်ခိုက်မှုတွေအတွက် AI စနစ်သုံး ဒ ရုန်းတွေကို အဓိကအသုံးပြုလာတာကြောင့် ယူကရိန်းစစ်သား ၁ ယောက် ထိခိုက်/သေဆုံးတိုင်းမှာ ရုရှား စစ်သား ၈ ယောက်နီးပါးအထိ ထိခိုက်/သေဆုံးမှု ရှိနေတယ်လို့ အစီရင်ခံစာက မှတ်ချက်ပြုပါတယ်။

အဆိုပါအစီရင်ခံစာမှာ ရုရှားရဲ့ ထိခိုက်သေဆုံးမှုအရေအတွက်ကို သမိုင်းတစ်လျှောက်မှာ စိတ် ပျက်စရာကောင်းပြီး အနှိုင်းမဲ့တဲ့ စံချိန်ဆိုးတစ်ခုအဖြစ် ဖော်ပြထားပါတယ်။

ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ခု ရရှိဖို့ ဒါမှမဟုတ် အဆိုးဆုံးအခြေအနေအနေနဲ့ အပစ်အ ခတ်ရပ်စဲရေး ရရှိဖို့အတွက် ဥရောပနိုင်ငံတွေနဲ့ အမေရိကန်နိုင်ငံတို့အနေနဲ့ ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ လည်း အစီရင်ခံစာက တိုက်တွန်းထားပါတယ်။

ယူကရိန်းကို စစ်ရေးနဲ့ စီးပွားရေးဆိုင်ရာ ကူညီပံ့ပိုးမှုတွေ ဆက်လက်ပေးအပ်ပြီး ရုရှားအပေါ်မှာ လည်း စီးပွားရေးပိတ်ဆို့မှုတွေကို တိုးမြှင့်လုပ်ဆောင်တာမျိုးနဲ့ အဲဒီရည်မှန်းချက်ပန်းတိုင်ကို အကောင်အ ထည်ဖော်ကြဖို့ နိုင်ငံတကာကို အစီရင်ခံစာက တောင်းဆိုထားပါတယ်။

ကိုးကား – NHK
Ref; Russian casualties up to 1.4 mil. during invasion of Ukraine: US institute