ဧရာဝတီတိုင်းမ်
ဇူလိုင် ၂ရက်
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရွေးတုအစိုးရစစ်တပ် တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများ စိုက်ပျိုးထားသည့် အဖိုးတန်သစ်ပင်များကို အဓမ္မခုတ်ယူခြင်း၊ ပြည်သူများကို ဘန်ကာဆောက် လုပ်ရန် အခမဲ့လုပ်အားပေး ခိုင်းစေခြင်းနှင့် ဘုန်းကြီးကျောင်းများမှ သံဃာတော် များကိုပါ မောင်းထုတ်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
သာပေါင်းမြို့နယ်အတွင်းရှိ ရွှေရင်မျှော်၊ မရမ်းချို နှင့် ကမ္ဘားကြီးစသည့် ကျေးရွာများတွင် ဒေသခံ များကိုယ်တိုင် စိုက်ပျိုးထားသော မလေးရှား၊ မန်ဂျန်ရှား၊ ပျဉ်းကတိုး အစရှိသည့် သစ်ပင်ကြီးများကို စစ်တပ်က ဘန်ကာများ ဆောက်လုပ်ရန်အတွက် လိုသလောက် အဓမ္မခုတ်ယူလျက်ရှိသည်။
ထို့ပြင် ဒေသခံ ပြည်သူများကိုလည်း အဆိုပါ ဘန်ကာဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် အခမဲ့ လုပ်အား ပေးရန် အဓမ္မခိုင်းစေနေကြောင်း သိရသည်။
အဆိုပါ လုပ်အားပေးခိုင်းစေမှုများနှင့် လုံခြုံရေးအခြေအနေများကြောင့် တောင်ယာလုပ်ကိုင်သူများမှာ တောင် ယာသို့ သွားရောက်နိုင်ခြင်းမရှိဘဲ အလုပ်ပျက်ကာ စားဝတ်နေရေး အခက်အခဲများပင် ကြုံတွေ့နေရသည်။
”ကျွန်တော်တို့မှာ လူ့အခွင့်အရေး အမျိုးမျိုး ချိုးဖောက်ခံနေရတယ်။ ပြည်သူက လုပ်နိုင်တာဆိုလို့ ဒီအဖြစ် အပျက်တွေကို မီဒီယာကိုပဲ လက်တို့ပြီး ပြောရုံကလွဲလို့ ဘာမှ အားကိုးစရာ မရှိတော့ဘူး” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့ပြင် ပြီးခဲ့သည့် ဇွန် ၂၄ ရက်နေ့ ညပိုင်းကလည်း သရက်ကုန်းအုပ်စု၊ သရက်ကုန်းကျေးရွာတွင် စစ်တပ်မှ တပ်သားတစ်ဦး ညအချိန်အိမ်ပေါ်ခိုးတက်မှု ဖြစ်ပွားခဲ့သော်လည်း ရွာလူကြီးများနှင့် ကာယကံရှင် များမှာ ကြောက်ရွံ့သဖြင့် ထုတ်ဖော်မပြောရဲကြသောကြောင့် စစ်တပ်၏ မတရားပြုကျင့်မှုများ တစ်ဖြည်းဖြည်း ပိုမိုဆိုးရွား လာနေကြောင်း ဒေသခံများက ဆိုသည်။
ထို့ပြင် ငေါတောင် ဘုန်းတော်ကြီးကျောင်းကိုလည်း လူ၊ ရဟန်း မည်သူမျှ နေထိုင်ခြင်းမပြုရန် စစ်တပ် ကအမိန့် ထုတ်ပြန်ခဲ့ပြီး ရွာအတွင်းသို့ဆင်းခိုင်းခဲ့သဖြင့် ပြီးခဲ့သည့် ဇွန်၃၀ရက်နေ့တွင် ဒေသခံ ဒါယကာ၊ ဒါယိကာမများက လှည်းများဖြင့် ဆရာတော်ကိုပင့်ဆောင်ပြီး ကျောင်းရှိပစ္စည်းများကို အရေးပေါ် သယ်ယူရွှေ့ပြောင်းခဲ့ရသည်။
လက်ရှိတွင် သာပေါင်းမြို့နယ်တစ်ခုလုံးတွင် ရွေးတုအစိုးရစစ်တပ်၏ တပ်ဖွဲ့ဝင်များကြောင့် အမျိုး သမီးငယ်များနှင့် ဒေသခံများမှာ လုံခြုံမှုမရှိဘဲ စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေရသည်။ ကျေးရွာအုပ်ချုပ် ရေးအဖွဲ့များမှာလည်း စစ်တပ်ကို ကြောက်ရွံ့နေရသဖြင့် ပြည်သူများကို ကာကွယ်ပေးခြင်း မရှိကြောင်း သိရသည်။
ပုံစာ-စစ်အုပ်စု တပ်ဖွဲ့ဝင်များ(ပုံဟောင်း)