ဧရာဝတီတိုင်းမ်
ဇူလိုင် ၃ ရက်
အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့တွင် မွေးဖွားခဲ့သည့် ကမ္ဘာကျော် ကိုယ်ခံပညာရှင်နှင့် ရုပ်ရှင် မင်းသားကြီး ဘရုစ်လီကို ဂုဏ်ပြုသောအားဖြင့် ကယ်လီဖိုးနီးယားပြည်နယ်တွင် မေလ ၁၇ ရက်နေ့ကို ‘ဘရုစ်လီနေ့’ အဖြစ် တရားဝင် သတ်မှတ်လိုက်ကြောင်း သိရသည်။
ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆမ်သည် မေလ ၁၇ ရက်နေ့ကို ဘရုစ်လီနေ့အဖြစ် ပြဋ္ဌာန်းသည့် ဥပဒေကြမ်းကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီး ယခုလုပ်ရပ်သည် ပြည်နယ်သမိုင်းတွင် တရုတ်-အမေရိကန်လူမျိုးတစ်ဦးကို ပထမဆုံးအကြိမ် တရားဝင်နေ့အဖြစ် သတ်မှတ်ဂုဏ်ပြုခြင်း ဖြစ်ကြောင်း AP သတင်းတွင် ဖော်ပြထားသည်။
အထိမ်းအမှတ်နေ့အဖြစ် ရွေးချယ်ရခြင်းမှာ ဘရုစ်လီသည် ဟောင်ကောင်တွင် ကလေးဘဝကို ဖြတ်သန်းခဲ့ပြီးနောက် အသက် ၁၈ နှစ်အရွယ် ၁၉၅၉ ခုနှစ် မေလ ၁၇ ရက်နေ့တွင် ၎င်းမွေးဖွားရာ ဆန်ဖရန်စစ္စကိုမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းကြောင့် ဖြစ်သည်။

“သူ့ရဲ့ အတွေးအခေါ်တွေကြောင့် လူငယ်တွေဟာ ယုံကြည်မှုနဲ့ ဖြစ်နိုင်ခြေအသစ်တွေကို ရှာဖွေတွေ့ ရှိခဲ့ကြပါတယ်။ နောက်ပြီး အာရှနွယ်ဖွား မိသားစုတွေအနေနဲ့လည်း ရုပ်ရှင်မျက်နှာပြင်ထက်မှာ မိမိတို့ လူမျိုးရဲ့ ပုံရိပ်နဲ့ သိက္ခာကို အမှန်တကယ် ကိုယ်စားပြု ဖော်ပြနိုင်ခဲ့တာကို နောက်ဆုံးမှာ မြင်တွေ့ ခွင့်ရခဲ့ကြပါတယ်။ ဒါ့အပြင် သူ့ရဲ့ စည်းကမ်းစနစ်တကျရှိမှုနဲ့ စိတ်ဓာတ်ခွန်အားဆိုင်ရာ သွန်သင်ချက်တွေကို အခုထက်ထိ စံနမူနာယူနေကြတဲ့ အားကစားသမားတွေလည်း ရှိနေတာကြောင့် သူ့ရဲ့ လွှမ်းမိုးမှုက အင်မတန် နက်ရှိုင်းပါတယ်” ဟု ဘရုစ်လီဖောင်ဒေးရှင်း၏ စီအီးအိုဖြစ်သူ ဘရုစ်လီ၏သမီး ရှန်နွန်လီက ပြောကြားသည်။
ဆန်ဖရန်စစ္စကို လွှတ်တော်အမတ် မတ်တ်ဟေနီ ကလည်း ဘရုစ်လီကို ကယ်လီဖိုးနီးယားပြည်နယ်၏ အကောင်းဆုံး စံပြပုံရိပ်တစ်ခုအဖြစ် ချီးကျူးပြောဆိုခဲ့သည်။
“အတိတ်ခေတ်ကာလတွေတုန်းက အာရှ-အမေရိကန်လူမျိုးတွေဟာ ရုပ်ရှင်မျက်နှာပြင်ထက်မှာ ပျောက်ကွယ်နေခဲ့ရပါတယ်။ ဒါမှမဟုတ်ရင်လည်း လူမျိုးရေး ခွဲခြားတဲ့ ပုံသေကားချပ် အသွင် အပြင်တွေနဲ့ပဲ သရုပ်ဖော်တာကို ခံခဲ့ရပါတယ်။ အဲဒီလိုအချိန်မျိုးမှာ ဘရုစ်လီဟာ အာရှနွယ်ဖွား မျိုးဆက်ပေါင်းများစွာကို ခွန်အားနဲ့ သိက္ခာရှိရှိ ကိုယ်စားပြုနိုင်အောင် ကူညီပေးခဲ့တာဖြစ်ပါတယ်” ဟု ၎င်း၏ ကြေညာချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ ဖောင်ဒေးရှင်းနှင့် အာရှ-အမေရိကန် အဖွဲ့အစည်းအသီးသီးသည် ပြည်နယ်တစ်ဝန်း၌ ယဉ်ကျေး မှုပြပွဲများ၊ လူထုအခမ်းအနားများနှင့် စာသင်ခန်းတွင်း သင်ခန်းစာများကဲ့သို့သော အထိမ်းအမှတ် လှုပ်ရှားမှုများဖြင့် ဘရုစ်လီကို နှစ်စဉ် ဂုဏ်ပြုကျင်းပသွားရန် ရည်ရွယ်ထားသည်။

ဘရုစ်လီကို ၁၉၄၀ ပြည့်နှစ်တွင် အော်ပရာကဇာတ်အဖွဲ့တစ်ခုနှင့်အတူ အမေရိကန်သို့ နယ်လှည့် ဖျော်ဖြေနေသည့် တရုတ်မိဘနှစ်ပါးမှ မွေးဖွားခဲ့ခြင်းကြောင့် အမေရိကန်မြေပေါ်တွင် မွေးဖွားသူအဖြစ် နိုင်ငံသားဖြစ်ခွင့် ရရှိခဲ့သည်။
လအနည်းငယ်အကြာတွင် ဟောင်ကောင်သို့ ပြန်လာခဲ့ကြပြီး ဘရုစ်လီသည် ကလေးသရုပ်ဆောင် တစ်ဦး ဖြစ်လာခဲ့ကာ တရုတ်ကွန်ဖူးပညာကို စတင်သင်ယူခဲ့သည်။ ထို့နောက် ၁၉၅၉ ခုနှစ်တွင် အမေရိကန်သို့ ပြန် လည်ပြောင်းရွှေ့ခဲ့ပြီး ဝါရှင်တန်တက္ကသိုလ်တွင် တက်ရောက်ခဲ့သော်လည်း နောက်ပိုင်း၌ ကျောင်းထွက်ကာ ကိုယ်ခံပညာလေ့ကျင့်ခြင်းနှင့် သင်ကြားခြင်းတွင်သာ မြှုပ်နှံခဲ့သည်။
ဘရုစ်လီသည် ၁၉၆၀ ပြည့်လွန်နှစ်များတွင် ဟောလိဝုဒ်၌ အလုပ်ရရှိခဲ့ပြီး “The Green Hornet” ရုပ်သံဇာတ်လမ်းတွဲတွင် “ကေတို” (Kato) အဖြစ် ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့သည်။သို့သော်လည်း ရုပ်ရှင် စတူဒီယိုများက လူမျိုးရေးခွဲခြားသည့် ပုံသေကားချပ်ဇာတ်ကောင်နေရာများတွင်သာ ဘရုစ်လီကို သရုပ် ဆောင်စေလိုကြပြီး လူဖြူသရုပ်ဆောင်များနှင့်နှိုင်းယှဉ်ပါက အနုပညာကြေးကိုလည်း ပိုမိုနည်းပါးစွာ ပေးချေခဲ့ကြသည်။
ထို့ကြောင့် ဘရုစ်လီသည် ဟောင်ကောင်သို့ ပြန်လည်ခြေဦးလှည့်ခဲ့ပြီးနောက် မကြာမီမှာပင် “The Big Boss” နှင့် “Fist of Fury” အပါအဝင် ကိုယ်ခံပညာအက်ရှင် ရုပ်ရှင်ကားကြီးများဖြင့် ကမ္ဘာကျော် စူပါစတားတစ်ဦး ဖြစ်လာခဲ့သည်။
ကမ္ဘာကျော်မင်းသားကြီးဘရုစ်လီသည် အကိုက်အခဲပျောက်ဆေးနှင့် ဓာတ်မတည့်မှုဖြစ်ပွားခဲ့ပြီးနောက် အသက် (၃၂) နှစ်အရွယ် ၁၉၇၃ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သော်လည်း သူ၏အမည်နှင့် ပုံရိပ်များသည် ယနေ့တိုင် ရေပန်းစားနေဆဲ ဖြစ်သည်။
ဘရုစ်လီ၏မွေးနေ့ရောက်တိုင်း သူ၏ ပရိသတ်များ စုဝေးလေ့ရှိကြပြီး ဘရုစ်လီကိုယ်တိုင် ရေးသား ခဲ့သည့် အက်ရှင်ဇာတ်ညွှန်းမူကြမ်းကို အခြေခံထားသော “Warrior” ဇာတ်လမ်းတွဲကိုလည်း HBO Max တွင် ထုတ်လွှင့်ပြသခဲ့ပြီး လက်ရှိအချိန်ထိ အောင်မြင်မှုများ ရရှိနေဆဲဖြစ်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်
ကိုးကား – AP
Ref : California to institute Bruce Lee Day, a first for a Chinese American in the state’s history