ဧရာဝတီတိုင်းမ်
(မင်းလှ)၊ ဇူလိုင် ၂ ရက်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ် စခန်း တစ်ခုဖြစ်သည့် ပြင်ကြီးဂိတ်စခန်းကို ယမန်နေ့ ဇူလိုင် ၁ ရက်နေ့က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်တပ်တပ်ဖွဲ့ဝင်အင်အား ၃၀ ဝန်းကျင်ရှိစစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှုအတွင်း ၁ နာရီ ကျော် ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး စစ်ကူအများအပြားရောက်ရှိလာသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များက ပြန်လည်ဆုတ်ခွာ ခဲ့ရ ကြောင်း သိရသည်။

“တော်လှန်ရေးတပ်ဖွဲ့တွေ ပြည်လမ်းပေါ် မတက်နိုင်အောင် ကာထားသလို အနီးအနားရွာတွေကို ပေါ်တာ ဆွဲဖို့အတွက် စခန်းခိုင်ထားတာပါခမျာ” ဟု သာယာဝတီခရိုင်၊ တပ်ရင်း-၃၈၀၂ မှ ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲဖြစ်ပြီးနောက်စစ်တပ်ဘက်မှ အင်အား ၈၀ ဝန်းကျင်ဖြင့် စစ်ကူရောက်ရှိလာကြောင်းသိရပြီး အဆိုပါတိုက်ပွဲကိုသာယာဝတီခရိုင်ပကဖ၊ အမှတ်(၁)တိုက်ခိုက်ရေးတပ်ဖွဲ့(ရွှေတန်း မြေ)၊ လက်ပံတန်း မြို့နယ်ပကဖအထူးတိုက်ခိုက်ရေးတပ်ဖွဲ့နှင့် သာယာဝတီခရိုင်အမှတ်(၂)တပ်ရင်း၊ တပ်ခွဲ(၂)တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် သာယာဝတီခရိုင်အတွင်း မင်းလှမြို့နယ်အပြင် အုတ်ဖိုမြို့နယ်အတွင်းသို့လည်း စစ်ကြောင်း များထိုးနေပြီး ဒေသခံများမှာ ထပ်မံစစ်ဘေးရှောင်တိမ်းနေရခြင်းများ ရှိနေကြောင်းသိရသည်။

ဓာတ်ပုံ – အင်တာနက်